သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား၊ အိန္ဒိယ၊ မြန်မာ ရေပိုင်နက် အငြင်းပွားမှု ကုလမှာ ဖြေရှင်းမည်


ရေနံနဲ့ သဘာဝဓါတ်ငွေ့သိုက်တွေ ရှိမယ်လို့ ယုံကြည်ထားကြတဲ့ ဘင်္ဂလား ပင်လယ်အော်အတွင်းက ရေပိုင်နက် အငြင်းပွား မှုတွေ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နိုင်ငံတို့ကြား ကြီးထွားလာနေရာမှာ အခုနောက်ဆုံး ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂမှာ သူပိုင်ဆိုင်ခွင့် ရှိကြောင်း လျှောက်ထားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နှစ်အတော်ကြာ အငြင်းပွားနေတဲ့ ပင်လယ် နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာတွေ နောက်ဆုံး အခြေအနေနဲ့ ကုလသမဂ္ဂက ဆုံးဖြတ်တဲ့အထိ ဖြစ်လာတော့မယ့် ဒီပြဿနာ နဲ့ ပတ်သက်တဲ့ အလားအလာတွေကိုတော့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ မြန်မာနိုင်ငံ တို့က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေ နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာ ဟာ အထူးသဖြင့်တော့ ဘင်္ဂလား-မြန်မာ နယ်စပ်မှာ လက်နက်ကိုင် အင်အားတွေ တိုးချထားတဲ့အထိ ကြီးထွား လာရာက အခုနောက်ဆုံး ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာတာပါ။ နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေအရ ကမ်းလွန် ရေမိုင် ၁၂ မိုင် အထိဆိုရင် အချုပ်အခြာ ရေပိုင်နက်ဖြစ်ပြီး၊ ကမ်းလွန် မိုင် ၂၀၀ ဆိုရင်တော့ အထူးစီးပွားရေး ဇုန်နယ်မြေ အဖြစ် သတ်မှတ်လေ့ ရှိပေမဲ့ အခု အငြင်းပွားနေကြတဲ့ ရေပိုင်နက်ဟာ ဆိုရင်တော့ ကပ်လျက်ရှိနေကြတဲ့ အိမ်နီးချင်း နိုင်ငံ ၃ နိုင်ငံ စလုံးရဲ့ ရေပိုင်နက်အတွင်း အကျုံးဝင်နေတာမို့ အချေအတင် ဖြစ်စရာတွေလည်း ပေါ်ပေါက်လာတာလို့ အမေရိကန်ပြည်ထောင်စု အင်ဒီယာနာ တက္ကသိုလ်မှာ ဥပဒေပညာ ပို့ချနေတဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် က ပြောပါတယ်။

"အခုပြဿနာက မြန်မာပြည်က အရှေ့ကနေ အနောက်ဘက်ကို ၁၂ မိုင် တိုင်းတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း မြောက်ကနေ တောင်ဘက်ကို ၁၂ မိုင် တိုင်းတော့ အဲဒီ ၁၂ မိုင် တိုင်းတဲ့ကိစ္စက ဂငယ်ကွေ့မှာ သွားတွေ့တော့ ပြဿနာဖြစ်တယ်။ ဒါမျိုးက နိုင်ငံတကာဥပဒေမှာ တော်တော်နံမည်ကြီးတဲ့ မြောက်ပိုင်းပင်လယ်ပြင် North Sea Continental Self ဆိုတဲ့အမှုမှာ ဂျာမဏီ ရယ်၊ ဒိန်းမတ်ရယ်၊ နယ်သာလန်ရယ် တရားစွဲတဲ့ကိစ္စအထိ၊ ဂငယ်ကွေ့လေးကို သူပိုင်တယ်၊ ငါပိုင်တယ် ဒီနေရာမှာ ငါးဖမ်း တာ လုပ်ကြတယ်ဆိုပြီးတော့ စွဲတဲ့ကိစ္စ၊ အဲဒါမျိုး အရင်တုန်းက ရှိခဲ့ဖူးပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သူ့ရဲ့ရေပိုင်နက် စတုရန်း ကီလိုမီတာ ၁၈,၀၀၀ အထိ မြန်မာနိုင်ငံက ဝင်ရောက်ပြီး ရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့သလို၊ အိန္ဒိယနိုင်ငံကလည်း စတုရန်း ကီလိုမီတာ ၁၉,၀၀၀ အထိ ကျူးကျော် နေတယ်ဆိုပြီး ပြောဆိုထားတာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း အမေရိကန် ပြည်ထောင်စုက Foley Hoag ရှေ့နေ ကုမ္ပဏီက ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အကျိုးဆောင် အဖြစ်နဲ့ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ပဋိဉာဉ်အရ ဆုံးဖြတ်ပေးဖို့ လျှောက်ထားခဲ့တာပါ။ ရေပိုင်နက်ကို သူပိုင် ကိုယ်ပိုင် အချေအတင် ဖြစ်နေကြတဲ့ ဒီ ၃ နိုင်ငံ စလုံးဟာတော့ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်ကို လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။ တကယ်တော့ ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှုမရတဲ့အပြင် အချေအတင် ဖြစ်နေတဲ့ အိန္ဒိယနဲ့ အထူးသဖြင့် မြန်မာနိုင်ငံဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ ပြသလာတာမို့ အခုလို လျှောက်ထားရတာလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အကျိုးဆောင် Foley Hoag ကုမ္ပဏီ က အင်္ဂါနေ့တုန်းကပဲ ကြေငြာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒီလို မြန်မာဘက်က စစ်အင်အားသုံး ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းတာဟာဖြင့် ဥပဒေကြောင်းအရ အားနည်းချက်တခု လို့လည်း ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် က ယူဆပါတယ်။

"မြန်မာပြည်က အခု စစ်ရေးနဲ့ရှင်းဖို့ လုပ်နေတဲ့ကိစ္စတွေက မကောင်းတဲ့ကိစ္စတွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ပြင်နဲ့ပတ်သက်ပြီးတော့ အငြင်းပွားမှုဖြစ်တိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်ဆိုပြီး Law of Sea Treaty ထဲမှာ သေချာ ရေးထားတယ်။ အဲဒါကို မြန်မာပြည်အနေနဲ့ အဖွဲ့ဝင်ဖြစ်တာနဲ့အညီ သူတို့က လေးစားလိုက်နာဖို့ ကောင်းတယ်။ အဲဒီလို မလုပ်လို့ရှိရင် သူတို့မှာ ပထမအဆင့် အားနည်းချက် ရှိတယ်။ ဒုတိယအချက်က ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း ဒီကိစ္စမှာ တော်တော် သတိထားဖို့ ရှိတဲ့အတွက် ကမ္ဘာမှာ နံမည်ကြီးတဲ့ ဥပဒေပညာရှင် အကျော်အမော်တွေကို သူတို့ ပိုက်ဆံတွေ အများကြီးပေးပြီးတော့ ငှားထားတာ တွေ့ရတယ်။ အဲတော့ မြန်မာပြည်အနေနဲ့ ဒီကိစ္စမှာ တကယ် အနိုင်ယူချင်တယ်၊ အနိုင်ရချင်တယ်၊ တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းမယ်ဆိုရင်လည်း စစ်ရေးပြင်ဆင်မှုတွေ မလုပ်ဘဲနဲ့ ဥပဒေ လမ်းကြောင်း အရ ချဉ်းကပ်သင့်တယ်လို့ ကျနော် ယူဆပါတယ်။"

အမေရိကန်ပြည်ထောင်စု အင်ဒီယားနာ တက္ကသိုလ်မှာ ဥပဒေပညာ ပို့ချနေတဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲကို မြန်မာဘက် က ရေတပ် သင်္ဘောတွေနဲ့ အတူ ကိုရီးယားပိုင် ဒေဝူး ကုမ္ပဏီက ရေနံရှာဖွေရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တုန်း ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အပြန်အလှန် ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့မှု၊ ကန့်ကွက်မှုတွေနဲ့အတူ တင်းမာမှုတွေ ကြီးထွားခဲ့တဲ့ အထိ ရှိခဲဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG