သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မွေးနေ့ လှုပ်ရှားမှု ပြည်တွင်းပြည်ပ ပြုလုပ်


အထိန်းသိမ်းခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ အသက် ၄၇ နှစ် ပြည့်သွားပါပြီ။ သူ့မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ရန်ကုန်မှာရော ပြည်ပမှာပါ ကျောင်းသားတွေက အမှတ်တရ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နဲ့ အခြေခံပညာ ကျောင်းသားတွေ စုပြီး ရန်ကုန်တိုင်း မြို့နယ်အချို့မှာ တီရှပ်အဖြူ ဝေငှတာတွေ၊ ဘုရားတွေမှာ ဝတ်ပြုဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအတွက် အဖမ်းအဆီးတွေတော့ မကြားပါဘူး။ ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဗကသများအဖွဲ့ချုပ် ပြောခွင့်ရသူ ကိုဇာနည်က အခုလို ပြောပါတယ်။

“တိုင်းပြည်အတွက် တကယ့်ကို လွတ်မြောက်ရေး တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ စွမ်းစွမ်းတမံ တပ်ဦးကနေ ဦးဆောင် ပါဝင်ခဲ့တဲ့ ရဲဘော်ကောင်း တယောက်၊ ခေါင်းဆောင်ကောင်း တယောက်ရဲ့ မွေးနေ့ပါ။ ဒီနေ့မှာ သူ့ကိုလည်း ဂုဏ်ပြုသလို သူလို သူရဲကောင်းမျိုးတွေ အမိမြန်မာပြည်အတွက် အများကြီး လိုအပ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ကိုယ်တိုင်လည်း သူ့ကို စံနမူနာ ထားပြီးတော့ ကြိုးစားနေကြတယ်ဆိုတာ ပြောလိုပါတယ်။

“အင်မတန်မှလည်း ကြေကွဲ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ ကျောက်ကောင်းတစေ့၊ ဓားကောင်းတလက်၊ ထက်မြက်တဲ့ သူရဲကောင်းတွေ၊ သူ အပါအဝင် ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုဇေယျာ အစရှိသဖြင့် ဒီလူတွေ အကုန်လုံးဟာ လူမနီး၊ သူမနီး အလွန်ဝေးလံ သီခေါင်တဲ့ ထောင်တွေထဲမှာ သူတို့ချစ်တဲ့ ဗမာပြည်ကြီးကို ဘယ်သူမှမသိဘဲ မျက်ကွယ်ပြုရမဲ့ အနေအထားမျိုးကို ဆိုက်ရောက်နေပါတယ်။”

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ ကိုမင်းကိုနိုင် ရေးခဲ့တဲ့ နောက်ကြည့်မှန်ဆိုတဲ့ ဝတ္ထုစာအုပ်ကို သူ့မွေးနေ့ အထိမ်းအမှတ် ထုတ်ဝေပါတယ်။ ဝတ္ထုကတော့ နိုင်ငံရေး အခြေအနေ နောက်ခံ အချစ်ဝတ္ထု ဖြစ်ပါတယ်။ ဒါဟာ ကိုမင်းကိုနိုင်ရဲ့ ရပ်တည်ချက်ကို အကောင်းဆုံး ဖော်ပြနေတာမို့ ဒီစာအုပ်ကို ပြည်ပမှာ ထုတ်ဝေရတာ ဖြစ်တယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“သူ ဒီဝတ္ထုလေးကို ၂၀၀၄ ခုနှစ် အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့ အချိန်မှာပဲ နိုင်ငံရေးကိစ္စတွေ လှုပ်ရှားနေရင်းနဲ့ ဒီဝတ္ထုလေးကို ဖန်တီးတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ သူ့ရဲ့ဇာတ်ကောင် ဖေသောင်းဆိုတာကို အခြေခံထားတယ်။ အခြေခံထားပြီး အာဏာရှင်စနစ်ကို မြေအောက်လှုပ်ရှားမှုနဲ့ လုပ်တယ်။ ဘယ်လောက်အထိ အခက်အခဲတွေ အန္တရာယ်တွေ ကြီးမားတယ် ဆိုတဲ့ဟာကို အခြေခံပြီး ရေးထားတာပါ။

“အဓိကကတော့ ကိုမင်းကိုနိုင်ရဲ့ နိုင်ငံရေးကိစ္စတွေ မအားမလပ်တဲ့ ကြားထဲက သူ့ရဲ့ ဖန်တီးထားတဲ့ အနုပညာ၊ နောက်တခုက သူ့ရဲ့ လူသားဆန်တဲ့ အနုပညာပေါ်မှာ ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ကို တန်ဖိုးထားလို့ ကျနော်တို့က ဒီစာအုပ်လေးကို ထုတ်ရတာ ဖြစ်ပါတယ်။”

ကိုမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုမှာ အထင်ကရ ပေါ်ထွက်ခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေကတော့ ထောင်ထဲမှာ နေရတာ အများစုပါ။ သူဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းမှာ ပုဂ္ဂိုလ်ရေးဘ၀ ထိခိုက်မှု အများကြီး ရှိခဲ့ပေမဲ့ အာဃာတ မထားဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တောင်းဆိုနေသူ ဖြစ်တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“၁၉၈၈ မတိုင်ခင်ကဆိုရင် ကိုမင်းကိုနိုင်က သင်္ကြန်မင်းသား ဖြစ်တယ်။ သူတို့အဖွဲ့က ဆိတ်ပါးစပ်နဲ့ နတ်မျက်စိပေါ့။ သူတို့ရဲ့ သံချပ်တွေက ခေတ်စနစ်ရဲ့ မှားယွင်းနေမှုတွေ၊ အစိုးရရဲ့ မှားယွင်းနေမှုတွေကို ထောက်ပြတဲ့ သံချပ်မျိုးတွေ ဖြစ်တယ်။ ဒါဟာ ၈၈ မတိုင်ခင်ကတည်းက သူ့ရဲ့ ထူးခြားချက်ပေါ့။

“သူ့ရဲ့ နိုင်ငံရေး အယူအဆကတော့ သူက ဒီ အယူအဆ တခုအပေါ်မှာ စွဲကိုင်ထားတာတော့ မရှိပါဘူး။ မရှိဘဲနဲ့ တကယ့် လွတ်လပ်မှုကို သဘောကျတယ်။ နောက်တခုက အခုအချိန်မှာဆိုရင်တော့ အမျိုးသား ပြန်လည် သွေးစည်းညီညွတ်ရေး ဆိုတဲ့ဟာကို သူ လက်ကိုင်ထားပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာတွေက တိုင်းရင်းသား ညီညွတ်ရေး ပြဿနာဖြစ်တယ်။ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရတဲ့အတွက် ဒီလို ပြဿနာမျိုးတွေ ဖြစ်နေတယ်ဆိုတာ သူ လက်ခံထားတယ်။ အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံထားတာ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ်မှာလည်း ကျောင်းသားအဖွဲ့တွေ စုစည်းပြီးတော့ ကိုမင်းကိုနိုင်မွေးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက် ကျောင်းသားထု အစည်းအဝေးက မင်းကိုနိုင်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ဒီနောက် ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၆ နှစ်အကြာ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်ပြီးတဲ့နောက် ၈၈ မျိုးဆက် ကျောင်းသားတွေကို ပြန်လည်စုစည်းပြီး ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ လောင်စာဆီဈေး မြင့်တက်တဲ့အပေါ် လမ်းလျှောက် ဆန္ဒပြမှုနဲ့ ၂၀၀၇ ခုနှစ်မှာ အဖမ်းဆီးခံခဲ့ရပြီး လက်ရှိ ထောင်ဒဏ် ၆၅ နှစ် အမိန့်ချခံထားရပါတယ်။

ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ကနေဒါနိုင်ငံက John Hemphrey လွတ်မြောက်ရေးဆု အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဆု အတော်များများ ချီးမြှင့်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG