ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာ ဒီသီတင်းပတ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ညီလာခံကို မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်လို့ တနင်္လာနေ့ထုတ် မြန်မာအစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ ဖိတ်ခေါ်မှုနဲ့ အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ကျင်းပမယ့် ထိပ်သီးညီလာခံကို သွားရောက်မယ်လို့ ဆိုပါတယ်။
ဒီညီလာခံမှာ ဒေသတွင်း နိုင်ငံတွေအတွင်း လူ့အခွင့်အရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့အတွက် အဓိက လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ၀ိုင်းဝန်းပြောဆိုတာကို ခံရတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက်တော့ ပြစ်ဒဏ်ချမှတ်ဖို့၊ ဒါမှမဟုတ် စောင့်ကြည့် စစ်ဆေးဖို့အတွက် အခွင့်အာဏာ ပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ပြီးခဲ့တဲ့လက နယူးယောက်ခ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင်တဦး အထွေထွေ ညီလာခံကို ၁၄ နှစ်အတွင်း ပထမဦးဆုံး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။