သုံးရလွယ်ကူစေသည့် Link များ

အမတ် ဂျင်မ်ဝက်ဘ်နဲ့ ဒီမိုကရေစီ အင်အားစု မြန်မာ့အရေး အမြင်ချင်း ဖလှယ်


မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်၊ အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ မနေ့က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပါတယ်။

အခုလို မစ္စတာဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့်တို့ကို ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် အရေးပါဆုံး ကိစ္စဟာ ဘယ်ကိစ္စလို့ မစ္စတာဂျင်မ်ဝက်ဘ်က ယုံကြည်ထားပါသလဲလို့ မေးမြန်းတော့ ဦးမောင်မောင်က အခုလို စပြီး ပြောပါတယ်။

“ကျနော်တို့ လိုချင်တဲ့ ဗမာပြည်ပြောင်းလဲရေး ဆိုတာကို သူလည်း လိုလားတယ်၊ သူတို့နိုင်ငံ အစိုးရကလည်း လိုလားတယ်။ နောက်တခါ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာ သူတို့အနေနဲ့ ဒါက အားလုံး ဝိုင်းလုပ်ရမယ့် ကိစ္စဆိုတာ သူလက်ခံတယ်ဆိုတာ ပြောတယ်။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဒါကို ပြောင်းလဲဖို့ သူ မပြောပါဘူးဆိုတဲ့အကြောင်း ရှင်းလင်းပြောပြတယ်။”

ဒါဆိုရင်က သူက ၂၀၁၀ ရွေးကောက်ပွဲကို ဆက်လက် စွဲကိုင်ထားတဲ့ ပေါ်လစီကနေ ပြောင်းလဲချင်တဲ့ သဘောမျိုး ပြသတာလားခင်ဗျ။

“ကျနော်တို့ ဒီနေ့ ပြောတာကတော့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်မခံတဲ့ အချက်တွေ ရှိတယ်။ ဥပမာ တိုင်းရင်းသား ဒေသတွေပေါ့၊ ကိုယ်ပိုင်အုပ်ချုပ်မှု Self Administration Zone ဆိုတာကို နအဖအနေနဲ့ အမျိုးသား ညီလာခံမှာတုန်းက သဘောတူထားတယ်။ အခု နိုင်ငံရေးအရ ပြောဆိုလို့ အဆင်မပြေတဲ့အချိန်မှာ ဝင်တိုက်တဲ့ ကိစ္စမျိုးက လုံး၀ အာမခံချက် မရှိဘူး၊ ဗမာပြည်အရေးကို စဉ်းစားရင် ဒါတွေဟာ စဉ်းစားဖို့ လိုတယ်ဆိုတဲ့အကြောင်း ဆိုတာရယ်၊ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုမယ်ဆိုရင် နျူကလီးယား ဖော်ထုတ်မယ့် နိုင်ငံတခုရဲ့ အစိုးရကို သွားပြီး အတည်ပြုတာ ဖြစ်မှာမို့ ဒါက သတိချပ်သင့်တယ်လို့ တင်ပြတော့ ဘာမှ တုံ့ပြန်မှု မရှိပါဘူး။”

ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းမှဖြစ်မယ်ဆိုတာ သူကပဲ စပြီး အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဆော်သြသူအဖြစ် အများက သိရှိနေကြတာပါ။ အခု ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေဟာ မထိရောက်ဘူးဆိုတဲ့ သဘောမျိုး သူ ဆက်ပြီး မြင်နေတုန်းပဲလားခင်ဗျ။

“ကျနော်တို့လည်း ကျနော်တို့မှာရှိတဲ့ အချက်အလက်တွေ တင်ပြသလို သူကလည်း သူသိတဲ့ အချက်အလက်တွေ ပြန်တင်ပြပါတယ်။ ပိတ်ဆို့မှုကြောင့်တော့ အဖြေမရနိုင်ဘူး၊ သို့သော် ပိတ်ဆို့မှုက လိုအပ်တယ်ဆိုတဲ့ အနေအထားကိုတော့ သူ လက်ခံပါတယ်။ ဗီယက်နမ်မှာတုန်းကလည်း ပိတ်ဆို့မှုကို ဖွင့်လိုက်တဲ့အချိန်မှာ တိုးတက်ပြောင်းလဲမှု နှုန်းနဲ့ ပိတ်ဆို့ထားတဲ့အချိန်မှာ ရှိတဲ့ တိုးတက်ပြောင်းလဲမှုနှုန်း ကွာတယ်။ ဒါကို သူက သူ့အတွေ့အကြုံအရ ရှင်းပြသွားတာ ကျနော်တို့လည်း လက်ခံပါတယ်။ ကျနော်တို့ပြောတဲ့ ပိတ်ဆို့မှုကို လက်ရှိ ထားရှိရမယ် ဆိုတာကိုတော့ သူ့အနေနဲ့ ပြန်ပြီး ငြင်းပယ်တဲ့ကိစ္စ မရှိဘူးလို့တော့ ကျနော် ပြောနိုင်ပါတယ်။”

ဒီနေ့ဆွေးနွေးမှုမှာ အဓိကကျတဲ့ အချက်က ဘာလဲခင်ဗျ။ သူရော ဦးမောင်မောင်တို့ရော ဆုံချက်တရပ်ကို ရောက်ရှိပြီးတော့ အခရာကျတဲ့ အချက်က ဘာလို့ ပြောလို့ရပါသလဲ။

“ကျနော်တို့ဘက်က တင်ပြတာကတော့ ရွှေဂုံတိုင် ကြေညာချက်ရယ်၊ တိုင်းရင်းသား အစုအဖွဲ့ ၁၃ ဖွဲ့က နအဖ အမျိုးသားညီလာခံမှာ တင်ပြထားတဲ့ အချက်တွေပေါ်မှာ ရေးဆွဲထားတဲ့ အချက် ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ရေးထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ကျနော်တို့မှာရှိတယ်။ ဒါကို သူ လက်ခံတယ်၊ လေ့လာပါမယ်လို့ ကျနော်တို့ကို ပြောတယ်။ ဒီ့အပြင် ထပ်ပြီး ပြောတာက သူလည်း ဗမာပြည် တိုးတက်ဖို့၊ ပြုပြင်ပြောင်းလဲဖို့အတွက် အခြေအနေရှိတယ် ဆိုရာမှာတော့ နှစ်ဦးနှစ်ဘက် သဘောတူပါတယ်ဆိုတဲ့ အနေအထားထိပဲ သူပြောသွားပါတယ်။”

ဦးမောင်မောင်အနေနဲ့ရော ဒီနေ့ ဆွေးနွေးပွဲကို ဘယ်လိုသုံးသပ်မိပါသလဲ။ အားရမှု ရှိပါသလား။ နောက်ထပ်ရော ဆက်လက်ဆွေးနွေးဖို့ ရှိပါသလား။

“ကျနော်တို့ကတော့ ပထမဦးဆုံးအကြိမ် တွေ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တခါ ကျနော် သူ့ကို ရှင်းပြလိုက်ပါသေး တယ်။ ကျနော်တို့အနေနဲ့၊ နိုင်ငံရေး အစုအဖွဲ့တွေကို တာဝန်ခံတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သူ့ကို အခုထက်ထိ ပုတ်ခတ်ပြောဆို ခြင်း မရှိဘူးဆိုတဲ့အကြောင်း၊ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ပြောစရာရှိတဲ့ကိစ္စတွေ ပြောမယ်၊ နောင်ကိုလည်း ဆက်လက် ဆွေးနွေးဖို့ ကိစ္စကို လုပ်ဖို့ အာသီသ ရှိပါတယ် ဆိုတဲ့ဟာကို ကျနော် ပြောပြထားတယ်။ သူလည်း ကျနော်တို့နဲ့ ဆက်လက်ဆွေးနွေးဖို့ စိတ်အနေအထား ရှိတယ်လို့တော့ သုံးသပ်မိပါတယ်။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးဖြစ်တဲ့ ဦးဘိုလှတင့်ဟာ ဒီကနေ့ အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျင်မ်ဝက်ဘ်က မြန်မာ့အရေး ပြောင်းလဲရေးမှာ ဘာက အဓိကကျတယ်လို့ ဦးဘိုလှတင့်တို့ကို ဆွေးနွေးပြောကြားသွားပါသလဲ။

“သူကတော့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲကောင်း ကွဲနိုင်တယ်၊ ဒါပေမဲ့ တကယ့် ဗမာနိုင်ငံမှာ ဖြစ်သင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးမှုတွေ၊ တကယ် ပွင့်လင်းတဲ့၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာရေး ကိစ္စတွေမှာတော့ မကွဲပြားတဲ့အကြောင်းပဲ သူပြောပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကရော ပြောတဲ့ သမ္မတ အိုဘားမား အစိုးရက မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး လုပ်တဲ့ တပြိုင်တည်းမှာပဲ အတိုက်အခံ အဖွဲ့အစည်း တွေနဲ့လည်း ထိတွေ့ဆက်ဆံပါ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဂျင်မ်ဝက်ဘ်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲခင်ဗျ။

“သူကတော့ လက်ရှိ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ သဘောတူတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်မှာ စီးပွားရေးအရ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထိန်းထားမယ်၊ တဖက်မှာလည်း အဆင့်မြင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်ဆိုတဲ့ ကိစ္စကို သူ သဘောတူတယ်ဆိုတာ ပြောပါတယ်။”

အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ကို မနေ့က သွားတွေ့ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ ဝန်ကြီး ဦးဘိုလှတင့်တို့ကို ကိုရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG