သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နဲ့ DKBA လျှို့ဝှက်တွေ့ဆုံ


KNU ကရင်အမျိုးသား အစည်းအရုံးက ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ ခွဲထွက် DKBA တို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ KNU အနေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း အနှောင့်အယှက် မပေးဖို့အတွက် စစ်အစိုးရ အာဏာပိုင်တွေဘက်က DKBA ကို ဖိအားပေးလာတဲ့အတွက် အခုလို တွေ့ဆုံဆွေးနွေးရတာ ဖြစ်နိုင်တယ်လို့ KNU အဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဗွီအိုအေ ထိုင်းနယ်စပ် အခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိမ်က ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

“မြိုင်ကြီးငူဆရာတော်ရယ်၊ KNU ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူတူးစေးဖိုးရယ် ၁၆ ရက်နေ့မှာ လွတ်မြောက်နယ်မြေ တနေရာမှာ ကရင်အမျိုးသား အချင်းချင်း ပြန်လည်သင့်မြတ်ဖို့ ဆွေးနွေးနေကြတယ်။ အဲဒီကြားထဲမှာ သတင်းပေါက်ကြား သွားတဲ့ အတွက် ၁၉ ရက်နေ့မှာ သူတို့ အစည်းအဝေးကို ရပ်နားထားရတယ်။”

DKBA ဘက်က တက်တာ ကိုနိုင်ကွန်းအိမ် ဘာတွေ ကြားထားလဲခင်ဗျ၊ ဘယ်သူတွေ တက်တယ်ဆိုတာ။

“DKBA ဘက်ကတော့ မြိုင်ကြီးငူဆရာတော် တက်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ သီးခြား အတည်ပြုချက်တော့ သူတို့ မပေးသေးဘူး။ ကျနော်တို့လည်း DKBA ဘက်ကို မေးမြန်းထားတာပဲ။ သူတို့က သတင်းကို လျှို့ဝှက်ထားတယ်။ သူတို့ပြောတာကျတော့ လုံခြုံရေးအတွက် သိပ်မဖော်ပြချင်ဘူး။”

ဘာကိစ္စ ဘာအကြောင်းအရာတွေများ ဆွေးနွေးတယ်လို့ ကြားမိပါသလဲ။

“သူတို့က ကရင်အမျိုးသား အချင်းချင်း တိုက်တာခိုက်တာ ရပ်စဲဖို့ သင့်ပြီဆိုပြီး မြိုင်ကြီးငူဆရာတော်က ပန်ကြားလွှာ တစောင် ထုတ်ခဲ့တယ်။ အဲဒီပန်ကြားလွှာ အပေါ်မှာပဲ ဒူးပလာယာခရိုင်က ဥက္ကဋ္ဌ စောရွှေမောင်းကနေပြီး အဲဒီလို ကရင် အချင်းချင်း တိုက်ခိုက်မှု မဖြစ်အောင် ဆရာတော်က အကျိုးဆောင်ပေးပါ၊ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကရင်အမျိုးသား အချင်းချင်း သွေးထွက်သံယိုမှု မဖြစ်အောင်ဆိုပြီး ဆရာတော် ဦးဆောင်ပြီး ကရင် သွေးစည်းညီညွတ်ရေး လုပ်ဆောင်ပေးပါလို့ ဆရာတော်ကို ပန်ကြားခဲ့တယ်။ အဲဒီပန်ကြားချက် အပေါ်မှာပဲ အခု သူတို့က တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး တာ ဖြစ်ပါတယ်။”

သူတို့အချင်းချင်း သွေးစည်းညီညွတ်သွားပြီဆိုရင် ဘယ်လို ဆက်လက် ရပ်တည်ကြမလဲ၊ ဘာဖြစ်လု့ိလဲဆိုတော့ တချိန်က သူတို့ရဲ့ အဓိကရန်သူက စစ်အစိုးရ ဖြစ်နေတော့ KNU နဲ့ DKBA အချင်းချင်း ပေါင်းမိသွားရင် သူတို့ ဘယ်လို ဆက်ပြီး ရပ်တည်ကြမလဲ၊ ရန်သူကို ဆက်တိုက်မလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးယူမလား၊ ဘာကြားလဲခင်ဗျ။

“ကျနော် လေ့လာကြည့်သလောက်၊ ကရင်အရေး လေ့လာသူတွေမှာ စနည်းနာကြည့်သလောက် ဒီလိုလုပ်တာဟာ စစ်အစိုးရ ဖိအားပေးမှု မပါဘဲနဲ့ သူတို့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် KNU နဲ့ DKBA တို့ တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် စကားပြောရမယ်၊ နယ်မြေဒေသပေါ့၊ အဲဒီမှာ KNU ဒေသ ဒီလောက်၊ DKBA ဒေသ ဒီလောက်ဆိုပြီး အပြန်အလှန် မကျူးကျော်ရေး သူတို့ စကားပြောရလိမ့်မယ်။

“အဓိက ကျနော်မြင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ KNU အနေနဲ့ အနှောင့်အယှက် မပြုလုပ်ဖို့အတွက် အရံအတား အနေနဲ့ သူတို့ ဟန်ပြ ဆွေးနွေးတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ DKBA ဘက်က အထက်က စစ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲနဲ့ သူတို့က လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ သူတို့လည်း မလုပ်ရဲဘူး။ အဲဒါ အထက် နအဖအရာရှိတွေရဲ့ ဖိအား ပေးမှုကြောင့် ဖြစ်တယ်လို့ ကရင်အမျိုးသား လေ့လာသူတွေရဲ့ ပြောဆိုချက်အရ သိထားတယ်။”

XS
SM
MD
LG