သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ နောက်တကျော့ ကျင်းပရေး သမ္မတ ခါဇိုင်း သဘောတူ


အာဖဂန်နစ္စတန်နိုင်ငံက အငြင်းပွားဖွယ် ရွေးကောက်ပွဲအတွက် ဒုတိယအကျော့ ပြန်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က သဘောတူလိုက်ပါတယ်။ ဒုတိယအကျော့အဖြစ် လက်ရှိသမ္မတ ခါဇိုင်းနဲ့ သူ့ရဲ့ပြိုင်ဘက် ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) တို့ ပြန်လည်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို သီတင်းပတ် ၃ ပတ် မတိုင်ခင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပေးဖို့ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာခါဇိုင်းက လက်ခံခဲ့ပါတယ်။

ကဘူးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ မစ္စတာခါဇိုင်းက စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းပေါ်ရောက်အောင် ရှေ့ဆက် လှမ်းနိုင်ဖို့အတွက် အာဖဂန် နိုင်ငံသားတိုင်း မဲပေးရာမှာ ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

မစ္စတာခါဇိုင်း ရထားတဲ့ မဲအားလုံးရဲ့ သုံးပုံတပုံလောက်ကို ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပယ်ချခဲ့တဲ့နောက်ပိုင်း အခုလို ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှု ဒါမှမဟုတ် မှားယွင်းမှတ်သားမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပြန်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်းကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တယ်လီဖုန်းနဲ့ဆက်ပြီး ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG