သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ မြန်မာလူထု အခြေပြုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်ဥမ္မာကို ရွေးချယ်


ထိုင်းနိုင်ငံမှာ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် မြန်မာနိုင်ငံက လူထုအဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် မြန်မာ့အရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာကို ရွေးချယ်လိုက်ပါတယ်။ မြန်မာစစ်အစိုးရက သူတို့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတချို့ကို လူထုအဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖြစ် စေလွှတ်ခဲ့ပေမဲ့ စိစစ်ရေးအဖွဲ့က ဆွေးနွေးစဉ်းစားပြီး ဒေါ်ခင်ဥမ္မာကို အခုလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နော်ရှိုးက ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အာဆီယံနိုင်ငံ အသီးသီးက လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေထဲမှာ မြန်မာနိုင်ငံက တဦးအဖြစ် ပြည်ပအခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေသူ ဒေါ်ခင်ဥမ္မာကို ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ဥမ္မာဟာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ပြည်ပကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အပါအဝင် မြန်မာ့ရေးရာ အဖွဲ့အစည်း တော်တော်များများမှာ ပါဝင်လှုပ်ရှားနေသူတဦး ဖြစ်ပါတယ်။

အခုလို ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ခင်ဥမ္မာက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“နိုင်ငံတခုရဲ့ လူထုအခြေပြု အဖွဲ့တွေကို ကိုယ်စားပြုတဲ့သူကို ရွေးတယ်ဆိုရင် ရွေးရတဲ့နေရာမှာ လိုက်နာရမယ့် စံချိန်စံနှုန်းတွေ၊ လိုက်နာဖို့ အချက်အလက်တွေ ရှိတယ်။ အဲဒီ အချက်အလက်တွေထဲမှာ ဖေဖော်ဝါရီ ၂၀၀၉ မှာ ကျင်းပသွားတဲ့ အာဆီယံ လူထုစည်းဝေးပွဲကြီးမှာ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မနေ့ကမှ ကျင်းပ ပြီးစီးသွားတဲ့ အာဆီယံ လူထုစည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာရမယ်ဆိုတာ ရှိတယ်။

“အဲဒီထဲမှာ ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့၊ အထူးသဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ လောလောဆယ် အခြေအနေကို သေချာ တင်ပြထားတဲ့ဟာ အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ နအဖကနေပြီး သူတဦးတည်း အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊ အဲဒီလို မလုပ်ရင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှာကိုလည်း လက်မခံဘူး၊ ရလာမယ့် ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုဘူး၊ ကလေးစစ်သားသုံးတဲ့ ကိစ္စတွေ၊ စစ်တပ်ကနေ တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ ကိစ္စတွေ၊ ဒါတွေကို ရပ်ဖို့ကိစ္စတွေ၊ အဲဒါတွေလည်း ပါတော့ ခုန ကိုယ်စားလှယ် သွားမယ့်လူက ဒါတွေကို သက်ဝင်ယုံကြည်သူ ဖြစ်ရမယ်၊ ထောက်ခံတဲ့သူ၊ ပြောတဲ့သူ၊ ကိုယ်စားပြုတဲ့သူ ဖြစ်ရမယ်။

“အဲဒီလို ရွေးတဲ့နေရာမှာ နအဖဘက်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ အနေနဲ့က ဒီလိုမျိုး အကြောင်းအရာတွေကို သူတို့က ပြည်သူ့အတွက် ကိုယ်စားပြုပြီး ပြောဖို့အတွက် အခြေအနေမှ မပေးတာ။ အဲတော့ အဲဒီအခြေခံ မူအပေါ်မှာပဲ ရွေးတဲ့သဘောပါ။ ကျမတို့ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေက လာထားတဲ့သူတွေ အနေနဲ့ကတော့ သူတို့ကိုလည်း ကျမတို့က ပွင့်ပွင့်လင်းလင်း ပြောပြတာက ဘယ်သူပဲဖြစ်ဖြစ် သူတို့ဘက်က ကိုယ်စားပြု သွားချင်တဲ့သူ ရှိရင်လည်း ကိုယ့်ပြည်သူရဲ့ တကယ်ဖြစ်နေတဲ့ ဘဝအမှန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေမှန်တွေကို ကိုယ်စားပြုပြီး တကယ်တင်ပြနိုင်တယ်ဆိုရင် ကျမတို့က ရွေးချယ်ဖို့ အဆင်သင့်ပဲဆိုပြီး ကျမတို့ဘက်ကလည်း လမ်းဖွင့်ပေးပါတယ်။

“သို့သော်လည်း တကယ်တမ်း သူတို့အနေနဲ့ အဲလိုပြောဖို့ အနေအထား မရှိတဲ့အခါကျတော့ နယ်စပ်အခြေစိုက်ထဲကနေပဲ ကျမအနေနဲ့ ဒီအခြေအနေတွေကို တင်ပြနိုင်ဖို့အတွက်ဆိုပြီး ရွေးချယ်ခံရတဲ့ သဘောပါပဲ။”

အစ်မက အခု အာဆီယံ လူထုအခြေပြုအဖွဲ့မှာ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတယ်ဆိုတော့ ဘယ် အဖွဲ့အစည်းကို ကိုယ်စားပြုပြီး တက်ရောက်ဖို့ ရှိပါသလဲ။

“အခုက နယ်စပ်မှာ ရှိနေကြတဲ့ အထဲမှာ အခု ဒီအစည်းအဝေးကို ကျမတို့ လာတက်တာဆိုရင် ကျမတို့ခေါ်တာတော့ Task Force on ASEAN and Burma အာဆီယံနဲ့ မြန်မာနိုင်ငံရေးရာ အထူးလုပ်ငန်းအဖွဲ့ ဆိုပြီးတော့ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြတာ ရှိတယ်။ အဲဒါက အမျိုးသမီးရေး၊ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ ကလေးစစ်သားကိစ္စ၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်ရေးရာ၊ ဒါမျိုးတွေလုပ်နေတဲ့ အဖွဲ့တွေ အားလုံး စုပြီးတော့မှ ပူးပေါင်း လုပ်ဆောင်နေတဲ့အဖွဲ့။ အဲဒီ အထူး လုပ်ငန်းအဖွဲ့ရဲ့ အဖွဲ့ဝင် တယောက်အနေနဲ့ ကျမ တက်တာပါ။”

ဒေါ်ခင်ဥမ္မာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဟာ လူထုအခြေပြု အဖွဲ့အစည်း ဖြစ်ရမယ်ဆိုတဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူအရ နိုင်ငံခေါင်းဆောင်တွေဟာ လူထုကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ကိစ္စဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အပါအဝင် တချို့နိုင်ငံ တွေ မှာ NGO သို့မဟုတ် Civil Society အဖွဲ့အစည်းခေါ် လူထုအခြေပြု အဖွဲ့အစည်း အစစ်အမှန်တွေထက် စစ်အစိုးရ အလိုကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကိုသာ ရွေးချယ်ဖို့ တင်သွင်းထားတာ ပိုများနေတဲ့အတွက် ဒီမူကို အကောင်အထည်ဖော်ဖို့ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ မြန်မာစစ်အစိုးရဘက်က လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖြစ် အငြိမ်းစား ရဲမှူးကြီး ဦးစစ်အေး အပါအဝင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ ကိုယ်စားလှယ်တွေ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပေမဲ့ စိစစ်ရေး အဖွဲ့တွေက သူတို့ကို လက်မခံဘဲ ဒေါ်ခင်ဥမ္မာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ရွေးချယ်ခံရတဲ့ ဒေါ်ခင်ဥမ္မာဟာ ယမန်နှစ်ကလည်း အလားတူ ရွေးချယ်ခံခဲ့ဖူးပေမဲ့ မြန်မာစစ်အစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရတို့ရဲ့ ကန့်ကွက် ပယ်ချခြင်းကို ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG