သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန် အောက်လွှတ်တော်မှာ ကြားနာ


အမေရိကန် အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြားနာပွဲတခု ပြုလုပ်နေပါတယ်။ အဲဒီမှာ ကယ်လီဖိုးနီးယား ဒီမိုကရက် လွှတ်တော်အမတ် ဟောင်းဝပ် ဘားမန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က တဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တွမ် မာလင်နောစကီး၊ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်က ပါမောက္ခ ခရစ်စ် ဘေယာနဲ့ US Campaign for Burma က ညွှန်ကြားရေးမှူး ဦးအောင်ဒင်တို့က တဖွဲ့ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ ဒီကြားနာပွဲကို ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်ကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခု ဒီကြားနာပွဲမှာ ဘယ်သူတွေက ဘာတွေများ ပြောနေကြပါသလဲ။

“အခုလောလောဆယ်အထိ ပြောနေတာက အဓိက ထွက်ဆိုတဲ့သူ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က လွှတ်တော်အမတ်တွေ မေးတဲ့ မေးခွန်းတွေကို ဖြေနေပါတယ်။ တက်ရောက်လာတဲ့ အောက်လွှတ်တော်အမတ်တွေ စောစောက ပြောကြားသွားတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ အဓိက ပြောသွားတာက နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်ဆိုပြီး အများက သံသယရှိနေတဲ့ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေးကြား စိုးရိမ်မှုရှိနေတာကို အမေရိကန်ဘက်က ဒီကိစ္စ အာရုံစိုက်ပြီး စောင့်ကြည့်နေမယ်ဆိုတဲ့ အကြောင်းတွေ ပြောတယ်။

“နောက်တခါ ဘက်ပေါင်းစုံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမယ့် အမေရိကန် အစိုးရရဲ့ ပေါ်လစီကို အလေးအနက် စောင့်ကြည့်နေတယ်ဆိုပြီး အောက်လွှတ်တော် အမတ်တချို့က ပြောတယ်။ တချို့ကလည်း မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့အတွက် ဒါဟာ မြန်မာအစိုးရကို တရားဝင်အဖြစ် လက်ခံရာ ရောက်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။

“အခု ကြားနာပွဲမှာ အဓိက ထွက်ဆိုတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် အဓိက ပြောသွားတာက မြန်မာစစ်အစိုးရနဲ့ ကိစ္စကို အမေရိကန်အစိုးရ တခုတည်းက ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး။ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန် အစိုးရက တနိုင်ငံတည်းနဲ့ မစွမ်းဆောင်နိုင်ဘူး။ အဲတော့ ဒေသတွင်း နိုင်ငံတွေရဲ့ အကူအညီ အများကြီးလိုတယ်ဆိုပြီး ပြောတယ်။

“နောက်တခါ မြန်မာနိုင်ငံရဲ့ ပြဿနာက ဒေသတွင်းကို ပျံ့နှံ့နေပြီ ဆိုပြီးတော့လည်း ပြောတယ်။ နောက်တချက်က မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို သိသိသာသာ မမြင်ရသေးသရွေ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း အမေရိကန် အစိုးရဘက်က ဖယ်ရှားမှာ မဟုတ်ဘူးဆိုပြီး အခုလောလောဆယ် လုပ်နေတဲ့ ကြားနာပွဲမှာ အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောသွားပါတယ်။”

ဒီကြားနာပွဲကို တက်ရောက်လာတဲ့ ပရိသတ် အရေအတွက်ရော တော်တော်များလား၊ အဓိက ပရိသတ်တွေထဲမှာ ဘယ်လိုလူမျိုးတွေပါတာ တွေ့ရပါသလဲ။

“ဒီကနေ့လုပ်တဲ့ ကြားနာပွဲကတော့ တော်တော်လေး လူများတယ်လို့ ပြောနိုင်ပါတယ်။ လာတဲ့သူတွေကလည်း ခန်းလုံးပြည့်ပါပဲ။ လွှတ်တော်အမတ်တွေလည်း တော်တော်များများ လာပါတယ်။ လာတဲ့ ပရိသတ်ထဲမှာကတော့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ မြန်မာတချို့နဲ့ နိုင်ငံခြားသား တော်တော်များပါတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေ တော်တော်များများလာတာ တွေ့ရပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG