အီရန်နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ် စိတ်ပူနေကြတဲ့ အနောက်နိုင်ငံတွေ စိတ်သက်သာရာ ရစေနိုင်မယ့် ယူရေနီယံသတ္တု သန့်စင်ရေး သဘောတူညီချက် တရပ်ကို ချမှတ်နိုင်ရေးအတွက် အီရန်နဲ့ ရုရှား၊ ပြင်သစ်၊ အမေရိကန် အင်အားကြီး ၃ နိုင်ငံကို သောကြာနေ့အထိ အချိန်ပေးလိုက်တယ်လို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ မိုဟာမက် အယ်လ် ဘာရာဒေး (Mohammed ElBaradei) က ပြောကြားလိုက်ပါတယ်။
IAEA ရုံးစိုက်ရာ ဗီယင်နာမှာ IAEA နဲ့ ဒီ ၄ နိုင်ငံရဲ့ နှစ်ရက်ခွဲကြာ ဆွေးနွေးမှုတွေ အဆုံးသတ်သွားတဲ့ ဗုဒ္ဓဟူးနေ့မှာ မစ္စတာ ဘာရာဒေးက အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် အသုံးပြုမယ့် ယူရေနီယံကို သန့်စင်ဖို့ အီရန်က ရုရှားနဲ့ ပြင်သစ်နိုင်ငံတွေဆီ ပို့ပေးရမယ်ဆိုတဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။
အင်္ဂါနေ့ကတော့ ပြင်သစ်နဲ့ တိုက်ရိုက်ဆက်ဆံရေးကို အီရန်ဘက်က မကြိုက်ကြောင်း ပြခဲ့တာမို့ ဆွေးနွေးပွဲ ရှေ့မတိုးနိုင် ဖြစ်ရပါတယ်။
အခု IAEA က အသစ်ရေးဆွဲလိုက်တဲ့ အဆိုပြုချက်မှာ ပြင်သစ်ရဲ့ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ မစ္စတာ ဘာရာဒေးက ပြောပေမဲ့ အတိုင်းအတာ ဘယ်လောက်အထိ ပါဝင်နေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
အီရန်ရဲ့ IAEA ဆိုင်ရာ ကိုယ်စားလှယ်ကတော့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန် ကိုယ်စားလှယ်ကလည်း ဒီအဆိုပြုချက် မူကြမ်းဟာ လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က သတင်းထောက်တွေကို ပြောပါတယ်။