သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီညီလာခံ ခေါ်ယူရေး NLD ခေါင်းဆောင်ပိုင်း ပယ်ချ


မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ပြည်လုံးကျွတ်ညီလာခံ ခေါ်ယူပေးဖို့ မကြာသေးခင်ကပဲ ပါတီ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး လက်ရှိကာလမှာ မဖြစ်နိုင်သေးတဲ့အကြောင်း၊ ပါတီခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင် ထပ်ပြီးရွေးချယ်ရေး ကိစ္စကိုတော့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ခွင့်ရတဲ့အခါ၊ ရွေးကောက်ပွဲ မှတ်ပုံတင် ဥပဒေ ထွက်လာတဲ့အခါ စဉ်းစားမယ်ဆိုပြီး အဖွဲ့ချုပ်ဝင်တွေရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်တဲ့ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အောက်ခြေ မြို့နယ်နဲ့ ခရိုင်တွေကြားမှာ အရေးကြီးတဲ့ကာလ ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အဖွဲ့ချုပ်တွင်းမှာ ညီလာခံတရပ် ခေါ်ယူပေးရေး တောင်းဆိုမှုတွေကို ဒီနေ့မှာ CEC က အထူးကြေညာချက် ထုတ်ပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ အထူးကြေညာချက်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“အောက်ခြေက တောင်းနေတာ နိုင်ငံလုံးကျွတ် ညီလာခံ ကျင်းပဖို့၊ နိုင်ငံလုံးကျွတ် ညီလာခံမှာ ပြန်လည်ဖွဲ့စည်းရေး ဆောင်ရွက်ဖို့၊ ဒီမှာ ဖြေထားတာကတော့ နိုင်ငံလုံးကျွတ် ညီလာခံကို အခြေအနေ အရပ်ရပ်ကြောင့် ကျင်းပဖို့ မဖြစ်နိုင်ဘူး။ ဒီမှာ ဖော်ပြထားတယ်လေ၊ ဒီလိုဟာမျိုး လုပ်ဖို့ကို ၈၉ ခု စတင်ဖွဲ့စည်းစဉ်ကတည်းက အခုအချိန်ထိ အမြဲတမ်း လိုလားတယ်။

“ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကြောင့် လုပ်ခွင့် မရခဲ့ဘူးလို့ ပြောတာ။ အဲတော့ အခုအချိန်မှ မဟုတ်ဘူး၊ အရင်အချိန်ကတည်းက ဒါတွေ လိုနေတယ်ဆိုတာ အဖွဲ့ချုပ် CEC က သိပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါက အဖြေတခု။

“နောက်အဖြေတခုက အဲဒီ ပြန်လည်ဖွဲ့စည်းရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့ စုံညီ တွေ့ရတဲ့အခါ ညှိနှိုင်း ဆောင်ရွက်သွားမယ်။ တကယ်လို့ အဲဒီလို မဟုတ်ရင်လည်း မှတ်ပုံတင်ဥပဒေ ထွက်လာတဲ့အခါ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်သွားမယ်။ အဲဒီလို ဖြေထားပါတယ်။”

တကယ်တော့ အောက်ခြေ မြို့နယ်ထုတွေ တောင်းဆိုနေတာက အောက်ခြေကနေ အဆင့်ဆင့် ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေပါတဲ့ ညီလာခံ မဟုတ်ဘဲ အဖွဲ့ချုပ်ဝင်တွေ အချင်းချင်းကြား တွေ့ဆုံ စကားပြောဆိုနိုင်တဲ့ ကွန်ဖရင့်တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း သာယာဝတီ ဥက္ကဋ္ဌ ဦးအောင်မြင့်က အခုလိုပြောပါတယ်။

“ကျနော်တို့ တင်ပြတာနဲ့ ဗဟိုက အယူအဆ နည်းနည်းလွဲနေတယ်လို့ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ အဖွဲ့ချုပ် ဗဟိုက ညီလာခံတခု ကျင်းပဖို့ဆိုတာ ရပ်ကျေးကနေစပြီး ကိုယ်စားလှယ်တွေ ရွေးချယ်၊ ပြီးတော့ မြို့နယ်လုံးကျွတ် ကိုယ်စားလှယ်တွေ ရွေးချယ်၊ ပြီးတော့မှ ပါတီညီလာခံကြီးတရပ် ကျင်းပဆိုတဲ့ ပုံစံမျိုး၊ သူတို့က အဲလိုနားလည်တယ်။

“ကျနော်တို့ သာယာဝတီခရိုင်မှာရှိတဲ့ မြို့နယ်တွေ လက်ခံတာက အဲဒီလို မဟုတ်ဘူးဗျ။ ဥပမာ သာယာဝတီမြို့နယ်ဆိုရင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှစ်ယောက်၊ သုံးယောက်၊ တမြို့နယ်ကို နှစ်ယောက် သုံးယောက်စီနဲ့ တနိုင်ငံလုံးမှာရှိတဲ့ NLD စည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစေချင်တာပေါ့၊ ဗဟိုက လူကြီးတွေနဲ့။ ကျနော်တို့ ရည်ရွယ်တာက အဲဒါဗျ။”

NLD CEC ရဲ့ ဆုံးဖြတ်ချက် သဘောထားမှာတော့ ညီလာခံ ခေါ်ယူရေးကို သူတို့အနေနဲ့ ၁၉၈၉ ခုလောက် ကတည်းက ကြိုးစားခဲ့တာဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ ဖြစ်နိုင်ချေ မရှိတာကြောင့် ဒီအတွက် အဖွဲ့ချုပ်ဝင်တွေ နားလည်မှုရှိဖို့ လိုတယ်လို့ ပြောနေပါတယ်။ ဒီကာလဟာ နက်နဲသိမ်မွေ့ပြီး အရေးကြီးတဲ့ကာလ ဆိုတာကိုတော့ အထူးကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းများ အောင်မြင်စေရေး ချမှတ်ထားတဲ့ မူဝါဒများ အကောင်အထည် ဖော်နိုင်ရေးအတွက် ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး တာဝန်ရှိစွာနဲ့ ဆက်လက် လုပ်ကိုင်ဖို့ကိုတော့ ရေးသားထားပါတယ်။

အောက်ခြေက တောင်းဆိုနေတဲ့ ကွန်ဖရင့်ဆိုတဲ့ အဓိပ္ပာယ်အရ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိပါသလားလို့ မေးတဲ့အခါမှာတော့ CEC ရဲ့ အထူးထုတ်ပြန်ချက်မှာ အဲဒီအချက် မပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါတော့ ကျနော် မသိဘူးဗျ။ ကျနော်လည်း အဲဒီစာတွေ မဖတ်ရဘူး။ ဒါ CEC က ထိုင်ပြီး ထွက်လာတဲ့ ကြေညာချက်ပဲ။”

အောက်ခြေ မြို့နယ်တွေကတော့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ မလုပ်နိုင်မှု အခက်အခဲတွေကို သိရှိကြောင်းနဲ့ အဖွဲ့ချုပ်ဟာ မြန်မာစစ်အစိုးရကပေးတဲ့ လုပ်ပိုင်ခွင့်ကိုသာ တောင်းဆိုနေတာမျိုး မဖြစ်သင့်ကြောင်း၊ မိမိတို့ ပါတီတွင်းကိစ္စ လုပ်ဆောင်တဲ့အခါမှာ ခွင့်ပြုချက်ရမှ လုပ်ရမှာမဟုတ်ကြောင်း ပြောဆိုနေကြပါတယ်။

တချို့ကတော့ ပါတီက ထိပ်ပိုင်းခေါင်းဆောင် တချို့ဟာ သူတို့နဲ့ သဘောထား ကွဲလွဲတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထုတ်ပယ်တဲ့ အလေ့အထသာ ရှိကြောင်း၊ နားလည်အောင် ဆွေးနွေးဖို့ဆိုတာ တွေ့ဆုံဆွေးနွေးမှုတွေကသာ ဖြစ်နိုင်ကြောင်း၊ ဒီအတွက် တွေ့ဆုံ စကားပြောဆိုနိုင်ဖို့၊ တိုင်ပင်ညှိနှိုင်းနိုင်ဖို့ တောင်းဆိုနေတာဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG