မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့ တိုင်းပြည်တိုးတက်အောင် တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကို အားကျပြီး အတုယူချင်တဲ့အကြောင်း ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ဗီယက်နမ်အကြား စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒတွေမှာ မတူညီမှုတွေ ရှိတဲ့အကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီသုံးသပ်ချက် အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ဗီယက်နမ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဟနွိုင်ကို ရောက်နေတဲ့အချိန် မြန်မာစစ်အစိုးရထဲမှာ တတိယ သြဇာအကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ချက်တွေအပေါ် အားကျမိတဲ့အကြောင်း မနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ၂၀၁၀ ခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု ပြည်တွင်းထုတ်ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀,၀၀၀ အထိ လျာထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ၆ ကြိမ်မြောက် ပါတီညီလာခံကနေ ချမှတ် အကောင်အထည် ဖော်ခဲ့တဲ့ ဒွိုင်မိုင်ခေါ် အသစ်တည်ဆောက်ရေးမူက ဗီယက်နမ်နိုင်ငံအတွင်း စီးပွားရေး၊ ကုန်ထုတ်စွမ်းအား၊ လူတွေရဲ့ ဘဝရပ်တည်မှု အားလုံးကို ပြောင်းလဲပစ်ခဲ့တယ်လို့ စီးပွားရေး သုံးသပ်သူတွေက ကောက်ချက်ချပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဆရာ ဦးမော်သန်းက အခုလို သုံးသပ်ပါတယ်။
“သူက တချိန်က သူနဲ့ ရန်ဘက်လိုဖြစ်နေတဲ့၊ အကြီးအကျယ် ရန်လည်းဖြစ်လာခဲ့တဲ့ အမေရိကန်နဲ့ သင့်လျော်လျောက်ပတ်တဲ့ သဘောထားမျိုး ခံယူပြီးတော့ စီးပွားတိုးတက်တဲ့ နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်နိုင်ငံ တိုးတက်အောင်လုပ်တယ်။ အဲလိုလည်းဖြစ်ပါတယ်၊ တစ်က။
“နှစ်က ဗီယက်နမ် တိုင်းပြည်တွင်းမှာ စီးပွားရေး ပတ်ဝန်းကျင်နဲ့ တည်ငြိမ်မှုတို့၊ ဥပဒေနဲ့ အကာအကွယ်ပေးမှုတို့ ရှိလို့နဲ့ တူပါတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ FDI လည်း တော်တော်များများ ဗီယက်နမ်က ဆွဲခေါ်နိုင်ပါတယ်။
“တတိယအချက်အနေနဲ့ ဗီယက်နမ်အကြောင်း ကျနော်တို့ တစွန်းတစ ကြားရတဲ့ကိစ္စပေါ့၊ ဗီယက်နမ်မှာလည်း တိုင်းသူပြည်သားတွေ အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်က အားပေးတဲ့အတွက် တော်တော်ကို အားတက်သရော လုပ်ကိုင်ဆောင်ရွက်ကြတာ တွေ့ရပါတယ်။
“တနည်းအားဖြင့်ပြောရင် တချိန်တုန်းက ဗီယက်နမ်သည် ဆိုရှယ်လစ်စနစ်ကို ထူထောင်လာပေမဲ့ သူကလည်း တရုတ်ပြည်ကြီးကဲ့သို့ပဲ တိုင်းပြည်စီးပွားရေးက အလွန်တရာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်၊ ဒီလို ဆောင်ရွက်ဖို့ တိုင်းသူပြည်သားတွေ အနေနဲ့ လုပ်ဆောင်မှုအရ အကျိုးခံစားခွင့်ရှိမှ တိုင်းပြည်စီးပွားရေး တိုးတက်မယ် ဆိုပြီးတော့ တိုင်းသူပြည်သားတွေရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ အစိုးရ အနေနဲ့လည်း စီးပွားရေးလုပ်ငန်း တွေနဲ့ မိတ်ဖက်သဘောမျိုးလို ထားရှိတယ်လို့ ကျနော် ယူဆပါတယ်။”
မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အားကျတယ် ဆိုပေမဲ့လည်း မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ အကြား အုပ်ချုပ်ရေးအရ မတူညီတဲ့ ကွဲပြားမှုတွေတော့ ရှိနေတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက မြင်ပါတယ်။
“ဟိုကတော့ ပါတီအနေနဲ့ အုပ်ချုပ်တာကိုး။ မြန်မာပြည်ကတော့ စစ်တပ်က အုပ်ချုပ်တာ ဆိုတော့ စစ်အမိန့်နဲ့ပေါ့။ အာဏာ အရှိဆုံးလူက ဒီနေရာမှာ ငါအကြီးဆုံးဆိုတော့ ငါ့စကား နားထောင်ကြပေါ့။ ဒီသဘောမျိုး ဖြစ်နေတယ်လေ၊ အခုက။ မတူဘူး၊ မတူတာက။ ဒါကြောင့် မြန်မာပြည်က မတက်တာပေါ့။ စီးပွားရေးတို့ ဘာတို့ မတက်တာက အမိန့်ပေးစနစ် ကြောင့် ပါ။”
တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံရဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို အတုယူဖို့ အမေရိကန် ပြည်ထောင်စုက စောစောပိုင်းကတည်းက တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ အဆင်မပြေမှုတွေကို နောက်မှာချန်ခဲ့ပြီး ဗီယက်နမ်လို တိုးတက်အောင်လုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) က ၂၀၀၆ ခုနှစ် နိုဝင်ဘာလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေး အတွင်းမှာ ပြောဆို တိုက်တွန်းခဲ့ဘူးပါတယ်။
အခုလို အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒတွေကို ပြန်လည်ပြင်ဆင်ပြီး ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးလာတဲ့အချိန် မြန်မာစစ်အစိုးရ အနေနဲ့ ဒီအခြေအနေကို အခွင့်အလမ်းကောင်း တခုအဖြစ် အသုံးချပြီး အပြောင်းအလဲတွေ လုပ်ကောင်း လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်သူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့လည်း လူ့အခွင့်အရေးကို ဘေးဖယ်ပြီး စီးပွားဆက်ဆံရေးကိစ္စ တခုတည်းကို ရှေ့တန်းတင်တာလောက်နဲ့ အမေရိကန် နဲ့ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံရဲ့ အခြေအနေကို အပြောင်းအလဲတခုအဖြစ် လက်ခံပါ့မလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိနေကြဆဲ ဖြစ်ပါတယ်။