သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ရဆဲ


မြန်မာစစ်အစိုးရက ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြောဆိုနေပေမဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဒီလိုပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ကလည်း နိုင်ငံရေး အခြေအနေတွေ တိုးတက်စေဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားဖို့ တိုက်တွန်းခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တာမို့ ဒါတွေဟာ နိုင်ငံရေး အခြေအနေတွေအပေါ် သက်ရောက်မှုတွေပါ ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ တတိယကော်မတီကို အစီရင်ခံစာ တင်သွားရာမှာ သူက ပြောခဲ့တာပါ။ ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ရှေ့လထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေကြောင်းလည်း မနေ့တုန်းကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းရင်းနဲ့ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojae Quintana) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေအပေါ် ယေဘုယျ ဆန်းစစ်ချက်အရ စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကျနော် ပြောခဲ့တာပါ။ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ပုံစံမျိုး ရှိနေသလို ဒီလို ကျူးလွန်မှုတွေကိုလည်း လွတ်ငြိမ်းခွင့် ပြုထားတာက ဒီချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားခွင့် ပေးထားသလိုလည်း ဖြစ်နေပါတယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်သိမှု၊ တာဝန်ယူမှုတွေ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ အစိုးရကိုလည်း ကျနော် တောင်းဆိုခဲ့တာပါ။”

အထူးသဖြင့် အနေနဲ့ မြန်မာစစ်အစိုးရက လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီရေး ဖော်ဆောင်နေပါတယ်လို့ ပြောဆိုနေချိန်မှာပဲ အခုလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိဘဲ ဖြစ်နေရတာကို လူ့အခွင့်အရေး ကိုယ်စားလှယ်က အလေးထား ပြောသွားခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ ဖတ်ကြားတင်သွင်းတဲ့ နေရာမှာလည်း ဒါကိုပဲ ဦးဦးဖျားဖျား ပြောခဲ့တဲ့အကြောင်း သူက အစီရင်ခံစာ တင်သွင်းအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရှိရမယ်လို့ အစိုးရကို ကျနော်ပြောခဲ့ပါတယ်။ နိုင်ငံတွင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်တွေကို အာမခံနိုင်ဖို့၊ ဒီရွေးကောက်ပွဲ မတိုင်မီမှာလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုတာကို ပြောခဲ့တာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ သောင်မတင် ရေမကျ ဖြစ်နေရတဲ့ ကိစ္စတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖု့ိအတွက် အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့တုန်းကပဲ တိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့ နေရာမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု၊ အပြန်အလှန် နားလည်မှုတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေကို အခြေခံမှသာ ဖြစ်နိုင်မယ့်အကြောင်း ပြောခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တိုင်းပြည်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိဖို့နဲ့ အစိုးရနဲ့ အတိုက်အခံ အင်အားစု၊ တိုင်းရင်းသားတွေကြား စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ဖို့၊ ဒီအချက် ၃ ချက်ကို မြန်မာစစ်အစိုးရဘက်က မဆောင်ရွက်မချင်းတော့ အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် သံသယရှိနေကြဦးမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောခဲ့တာပါ။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားကလည်း အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတဲ့အကြောင်း အလားတူ တိုက်တွန်းခဲ့တာပါ။

“အရေးအကြီးဆုံးဖြစ်တဲ့ လူ့အခွင့်အရေး အခြေခံ ၄ ခုအဖြစ် ကျနော် သတ်မှတ်ထားတာကတော့ ပထမအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးရမယ်၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ နိုင်ငံရဲ့ ဥပဒေရေးရာမှာ ပြန်လည်သုံးသပ်မှုနဲ့ ပြုပြင်မှုတွေ လုပ်ရမယ်၊ တတိယကတော့ သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှု ကင်းစေဖို့ အာမခံချက် ပေးနိုင်မယ့် တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်၊ စတုတ္ထအနေနဲ့ကတော့ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အရပ်သားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးသွားနိုင်အောင်၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာအောင် စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူစဉ်ကစလို့ မြန်မာနိုင်ငံကို ၂ ကြိမ် သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်စဉ်မှာတော့ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ သူ့အနေနဲ့ သတ်မှတ်ထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။ ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ လူမှုရေး ပြဿနာတွေ ကြုံနေရတဲ့ နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေကို သွားရောက်ပြီး အခြေအနေတွေကို အကဲခတ် စုံစမ်းဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG