လွန်ခဲ့တဲ့ သြဂုတ်လက ကိုးကန့်ဒေသကို ဗမာစစ်အစိုရတပ်များ တိုက်ခိုက်သိမ်းပိုက်တဲ့ဖြစ်ရပ်မှာ ယူနန်အာဏာပိုင်တွေကို ဗမာဘက်က ကြိုတင်အကြောင်းကြားခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ တချို့ကလည်း ဗမာအစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်မလုပ်ချင်လို့ ကိုးကန့်အဖွဲ့ အတိုက်အခံရတာလို့ ယူဆကြပါတယ်။ မူးယစ်ဆေးတိုက်ဖျက်တဲ့ စစ်ဆင်ရေးလိုလည်း ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုးကန့် 'ဝ' နဲ့ မိုင်းလားဒေသက ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ယူနန်ပြည်နယ်ထဲကို ဝင်နေတာကတော့ အမှန်ပါပဲ။ ဗမာစစ်အစိုးရဟာ ကီလိုမီတာ (၂၀၀၀) ကျော်ရှိတဲ့ မြန်မာ-ယူနန် နယ်စပ် တလျှောက်လုံးကို မချုပ်ကိုင်နိုင်တဲ့အတွက် ယူနန်အာဏာပိုင်ဟာ အပစ်ရပ်အဖွဲ့တွေနဲ့လည်း ဆက်ဆံနေရပါတယ်။
ယူနန်အာဏာပိုင်ဟာ ပြည်နယ်အစိုးရသာဖြစ်တဲ့အတွက် မြန်မာတိုင်းနဲ့ ပြည်နယ်အဆင့်နဲ့သာ ပူးတွဲလုပ်ကိုင်နိုင်ပါတယ်။ ဒါပေမဲ့ ဘေဂျင်း (Bejing) ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် ယူရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဂိုဏ်းတွေ နယ်ခြားဖြတ်နှိမ်နှင်းရာမှာ ယူနန်အာဏာပိုင်တွေဟာ ပြဿနာမဖြစ်အောင် အမြဲတမ်း သတိထားနေရပါတယ်။ အကြောင်းကတော့ ဘေဂျင်းအစိုးရအဖို့ နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ မူးယစ်ဆေး တိုက်ဖျက်ရေးထက် ပိုပြီးအရေးကြီးသလို ဖြစ်နေလို့ပါ။
နယ်စပ်ဒေသ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းမှာ ယူနန်နဲ့ မြန်မာပူးတွဲလုပ်ကိုင်လာတာ ၁၉၉၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ ၁၉၉၃ ရောက်တော့ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေး စီမံကိန်းမှာ ဗမာနဲ့ တရုတ်အစိုးရတို့ ပါဝင်လာကြပါတယ်။ မူးယစ်ဆေးတိုက်ဖျက်ရေး စခန်းတွေ မြန်မာဘက်မှာ (၅) ခု၊ ယူနန်ဘက်မှာ (၅) ခု ဖွင့်လှစ်ပြီး မြန်မာဘက်မှာတကြိမ် ယူနန်ဘက်မှာတကြိမ် နှစ်စဉ် အစည်းအဝေး (၂) ကြိမ် ကျင်းပပါကြပါတယ်။ ယူနန်ပြည်နယ်မှာ မြန်မာနဲ့ လာအို နိုင်ငံ ရဲအဖွဲ့ဝင်တွေကို သင်တန်းပေးတာမျိုး ရှိသလို၊ ယူနန်-မြန်မာ-လာအို မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ဆင်ရေးပေါင်း (၃၈) ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး ဘိန်းဖြူ နဲ့ စိတ်ကြွဆေး အများအပြား ဖမ်းဆီးရမိပါတယ်။
၂၀၀၇ ခုနှစ်မှာလည်း ယူနန်-မြန်မာ-လာအို မူးယစ်ဆေး တိုက်ဖျက်မှု စစ်ဆင်ရေး (၂၇) ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဘိန်းစိမ်း၊ ဘိန်းဖြူ နဲ့ စိတ်ကြွဆေး အမြောက်အများ ဖမ်းဆီးရမိပါတယ်။ မြန်မာနဲ့ လာအိုမှာ ဘိန်းအစားထိုး စိုက်ပျိုးရေးစီမံကိန်း အကောင်အထည် ဖော်နိုင်အောင်လည်း တရုတ်အစိုးရက အကူအညီပေးပါတယ်။ ၂၀၀၆ ခုနှစ်မှာတင် ဒေါ်လာသန်း (၃၀) ကျော် ယူနန်အစိုးရက ထောက်ပံ့ပါတယ်။ ဒါပေမဲ့ မော်စီတုန်းခေတ် က နယ်စပ်ပဋိပက္ခ ဖြစ်ခဲ့တဲ့သမိုင်းကြောင့် ယူနန်-မြန်မာ ဆက်ဆံရေးမှာ မယုံသင်္ကာ ဖြစ်နေတာလေးတွေ ရှိနေကြောင်း သိရပါတယ်။ ဘိန်းအစားထိုး စိုက်ပျိုးရေးအတွက် ငွေအားလူအားနဲ့ ကူညီဖို့ ယူနန်ဘက်က ကြိုးပမ်းတာကို စီးပွားရေး နယ်ချဲ့ဖို့ ကြံစည်တယ်လို့ ဗမာဘက်က ထင်တာမျိုး ရှိပါတယ်။ အပစ်အခတ်ရပ် အဖွဲ့ခေါင်းဆောင်တွေဟာ ဗကပ လက်ဟောင်း တရုတ်တွေဖြစ်လို့ ယူနန်အာဏာပိုင်နဲ့ အဆက်အသွယ်ရှိတယ်လို့ ဗမာဘက်က မသင်္ကာတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးကိစ္စမှာ တဦးတည်း မဖြေရှင်းနိုင်တဲ့အတွက် မြန်မာ-ယူနန်-လာအို ပူးတွဲဖြေရှင်းတဲ့နည်းပဲ ရှိပါတယ်။
မြန်မာမူးယစ်ဆေး ပြဿနာဟာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးပြဿနာနဲ့ ရောထွေးယှက်တင် ဖြစ်နေတဲ့အတွက် ဖြေရှင်းရခက်ပါတယ်။ မူးယစ်ဆေးရတဲ့ငွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေရတာကြောင့် မူးယစ်ဆေးလုပ်ငန်း ပျောက်ကွယ်သွားမှာကို အပစ်ရပ်အဖွဲ့ အထူးသဖြင့် 'ဝ' နဲ့ မိုင်းလားအဖွဲ့တွေဟာ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်လိုလားတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးကို အပြင်းအထန်လုပ်လာရင် စစ်ဖြစ်ဖို့ အလားအလာရှိတာမို့ ဗမာစစ်အစိုးရဟာ မူးယစ်ဆေးတိုက်ဖျက်တဲ့ စစ်ဆင်ရေးကို အပြည့်အဝ မလုပ်နိုင်သေးပါဘူး။ အခြေအနေကောင်းရင် အပစ်ရပ်အဖွဲ့တွေကို လွှတ်ထားလိုက်ပြီး အပေါ်စီးရတာနဲ့ လက်နက်စွန့်လွှတ်ဖို့၊ နယ်ခြားစောင့်တပ်များလုပ်ဖို့ တိုက်တွန်းမှာပါ။
ဗမာစစ်အစိုးရ အခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေရင် လက်နက်ကိုင်အပစ်ရပ်အဖွဲ့တွေဟာ မူးယစ်ဆေးကရတဲ့ ဆက်ကြေးနဲ့ လက်နက်အင်အား၊ လူအင်အား တိုးချဲ့ပါတယ်။ စစ်အစိုးရက မူးယစ်ဆေး တိုက်ဖျက်ရေးကို အကြောင်းပြပြီး စစ်ဆင်ဖို့ အာရုံစိုက်လာရင် စုပေါင်းပြီး တန်ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါကြောင့် အပစ်ရပ်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို မဖြေရှင်းနိုင်ရင် မူးယစ်ဆေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်လုပ်ချင်သလို ကိုးကန့်နဲ့ 'ဝ' ခေါင်းဆောင်တစုကို ဖမ်းဆီးပြီး တရားရုံးမှာ စွဲချက်တင် အပြစ်ပေးလိုက်ရုံနဲ့ မူးယစ်ဆေးပြဿနာဟာ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။
အရင်က နာမည်ကြီးတဲ့ ဘိန်းဘုရင်တေါ မရှိတော့ပေမဲ့ မူးယစ်ဆေးလုပ်ငန်းဟာ ဆက်လျှက်ရှင်သန်နေတာကို ကြည့်ရင် ခေါင်းဆောင်ကို ဖမ်းဆီးပြီး မူးယစ်ဆေးပြဿနာ ဖြေရှင်းတဲ့နည်းဟာ မှားယွင်းနေတာ ထင်ရှားပါတယ်။ မူးယစ်ဆေးပြဿနာကို ပုံကြီးချဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထောက်အပံ့ရယူဖို့ ဗမာစစ်အစိုးရက ကြိုးပမ်းတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးကိစ္စသက်သက် ဖြေရှင်းလို့မရဘဲ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှေ့ရေးကိုပါ အာမခံနိုင်မှသာ မူးယစ်ဆေးပြဿနာ နိဂုံးချုပ်ဖို့ အလားအလာရှိကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။