သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်း ၁၄ နှစ်ပြည့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းခံနေရတာ ၁၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့အတွက် ရှေ့ကဦးဆောင်ပြီး အနစ်နာခံကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုမှုနဲ့အတူ အထိန်းအမှတ်တွေ ကျင်းပကြမှာဖြစ်ပါတယ်။ ဒေါ်ခင်မျိုးသက် က အကြောင်းစုံကို စုစည်းတင်ပြ ထားပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်ပေါင်း ၃၃ ခုမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ နိုင်ငံသားတွေအရေးကို သိလာစေဖို့ USCB ခေါ် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့က လှုပ်ရှားမှုပေါင်း ၁၃၀ ကျော်ကို တပတ်ကြာ ပြုလုပ်ဖို့ရှိတယ်လို့ USCB တာဝန်ခံ ဦးအောင်ဒင် က ပြောပါတယ်။

"၁၄ နှစ်ပြည့်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အနစ်နာခံမှုတွေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုနေတဲ့ အကြမ်းမဖက် ဒီမိုကရေစီရေး မြတ်နိုးသူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနားတွေကို အမေရိကန်တဝှမ်းမှာ အခမ်းအနား စုစုပေါင်း ၁၃၀ ကျော်လုပ်ဖို့ စီစဉ်ထားပါတယ်။ လုပ်ဖို့ကတော့ အောက်တိုဘာ ၂၄ နဲ့ နိုဝင်ဘာ ၁ ရက်နေ့အတွင်းမှာ တပတ်ကြာပေါ့နော်။ ဒီကြားထဲမှာ အဓိကကတော့ ကျနော်တို့က "Crossing Midnight" ဆိုတဲ့ မြန်မာ့အရေး မှတ်တမ်းတင် ရုပ်ရှင်ကားကို ပြမယ်။ အဲဒါက နာရီဝက်လောက်ပဲ ကြာပါတယ်။ မှတ်တမ်းတင်ကား ကတော့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံတွင်းက ပြည်သူတွေကို အထူးသဖြင့် အိုးမဲ့အိမ်မဲ့ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ ရဲ့အကြောင်း၊ ဆရာ ဆရာမတွေရဲ့ အကြောင်း မှတ်တမ်းတင်ရိုက်ကူးထားတာကို ပြမယ်။ ပြီးတော့ မြန်မာ့အရေး ဆွေးနွေး ကြမယ်။ ပြီးတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန်ရိုက်စ် ဆီကို လိပ်စာတပ်ထား တဲ့ စာတစောင်ကို လက်မှတ်တွေ ထိုးကြမယ်။ အဓိက က မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ် တခုလုံးအပေါ်မှာ ကျူးလွန် နေတဲ့ ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုတဲ့စာပေါ့။ အဲဒီစာကို ဝိုင်းဝန်းလက်မှတ်ထိုးကြမယ်။"

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဇန်ရိုက်စ် ဆီ တင်သွင်းမယ့်စာအတွက် အခု လက်မှတ်ပေါင်း ၁ သောင်း လောက် ရနေပြီဖြစ်ပါတယ်။ အခုလို အမေရိကန်နိုင်ငံမှာ လှုပ်ရှားမှုတွေလုပ်နေသလို မြန်မာ့အရေးဆောင်ရွက်တဲ့ ဗြိတိန် နိုင်ငံက Burma Campaign အဖွဲ့ကလည်း နှိုးဆော်မှုတွေ လုပ်နေတယ်လို့ အဖွဲ့တာဝန်ခံ မာ့က် ဖာမာနာ က ပြောပါတယ်။

"အောက်တိုဘာလ ၂၄ ရက် စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံနေရတာဟာ ၁၉၈၈ ခုနှစ်ကနေဆိုရင် ၁၄ နှစ်ပြည့်ခဲ့ပါပြီ။ မြန်မာစစ်အစိုးရက အခုလိုဆက်ပြီး ဖမ်းဆီးထားတာကို နိုင်ငံတကာအသိုင်းအဝန်းက လက်ပိုက် ကြည့် မနေကြဖို့ သတင်းထုတ်ပြန်ပြီး နှိုးဆော်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ဖိအားပေးကြဖို့ပါ။"

အခုလို တိုက်တွန်းနေရတာဟာ ကုလသမဂ္ဂကိုယ်တိုင်က မြန်မာစစ်အစိုးရရဲ့ လူမဆန်တဲ့ ရာဇဝန်မှု ကျူးလွန်နေတာတွေကို အခုထိ အရေးမယူသေးတာတွေကြောင့် နိုင်ငံတကာကပါ ဖိအားပေးဖို့ လိုနေလို့ပါ လို့လည်း ပြောပါတယ်။

"မြန်မာစစ်အစိုးရဟာ စစ်ရာဇဝတ်မှုတွေ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ထပ်တလဲလဲ ကျုးလွန်နေတယ်ဆိုတာ ကုလသမဂ္ဂ က တွေ့ရှိခဲ့ပေမဲ့ အခုထိ အရေးမယူသေးတာကို ဟားဗတ် ဥပဒေကျောင်းကနေ မကြာခင်က စာတမ်းတစောင် ထုတ်ပြန် ခဲ့ပါတယ်။ ဒီလို အရေးမယူတာမျိုးဟာ ဖြစ်လေ့ဖြစ်ထမရှိပေမဲ့ မြန်မာစစ်အစိုးရကတော့ ကင်းလွတ်ခွင့် ရနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ အရေးယူစုံစမ်းရေး ကော်မရှင်အဖွဲ့ ဖွဲ့ပြီး စုံစမ်းပေးဖို့ ဗြိတိသျှအစိုးရက ဖိအားပေးအောင် ကျနော်တို့ လုပ်မှာပါ။"

Burma Campaign UK အဖွဲ့ တာဝန်ခံ မာ့က် ဖာမာနာ ပြောခဲ့တာပါ။

နိုင်ငံတကာရဲ့ ဝိုင်းဝန်းပြောဆိုမှုတွေကို ဂရုမစိုက်ဘဲ သြဂုတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ထပ်ပြီး ချခဲ့တာဟာ ရှေ့နှစ်ထဲ ကျင်းပဖို့ပြင်နေတဲ့ စစ်အစိုးရ အာဏာတည်မြဲစေမယ့် ရွေးကောက်ပွဲမှာ မပါဝင်စေချင်တာကြောင့်လို့ USCB အဖွဲ့က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုထိ မလွတ်မြောက် သေးတာဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ပြင်းထန်တဲ့ အရှိန်အဟုန် မရောက်သေးလို့ပါလို့လည်း ဦးအောင်ဒင်က ပြောပါတယ်။

"ကျနော်တို့တွေအနေနဲ့ကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ အစိုးရတွေကို မြန်မာစစ်အစိုးရ အပေါ်မှာ ဖိအားပေးဖို့ တိုက်တွန်းရင်းနဲ့၊ အဲဒီလို ဖိအားပေးမှုတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ဆောင်ရွက်နေကြတာ ပါပဲ။ ဒါပေမယ့် ခုချိန်ထိတော့ နိုင်ငံတကာ ဖိအားပေးမှုတွေက အင်မတန် ပြင်းထန်တဲ့ အရှိန်အဟုန်တခုကို မရောက်သေး ဘူးလို့ ယူဆရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ဖိအားပေးမှုတွေ မရသေးသ၍ တဘက်မှာလည်း မြန်မာစစ်အစိုးရနဲ့ ပျော့ပျော့ ပြောင်းပြောင်း ချဉ်းကပ်စည်းရုံးပြီးတော့ စီးပွားရေး အမြတ်ထုတ်ချင်တဲ့ အိမ်နီးချင်းနိုင်ငံ အစိုးရတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံတကာ ဖိအားပေးမှုတွေကတော့ အမြင့်ဆုံးကို ရောက်ဖို့ သိပ်ပြီး မလွယ်လှပါဘူး။ ဒါပေမဲ့လည်း မြင့်မားနိုင်သမျှ မြင့်မားအောင် ဖိအားပေးမှုတွေကို ဆက်ပြီးတော့ သယ်ဆောင်ကြမယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသား လုပ်သားပြည်သူ တရပ်လုံးက သူတို့ရဲ့ ခေါင်းဆောင် လွတ်မြောက်ရေးအတွက်၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နအဖ ကို ဝိုင်းပြီးတော့ လူထုနည်းနဲ့ ဖိအားပေးကြမယ်ဆိုရင်တော့ တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။"

US Campaign for Burma အဖွဲ့က ဦးအောင်ဒင် ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG