H1N1 ဝက်တုပ်ကွေး ရောဂါ အခြေအနေကို တမျိုးသားလုံးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် သမ္မတ အိုဘားမား က ကြေညာလိုက်ပါတယ်။ အခုလို ကြေညာလိုက်တဲ့အတွက် တုပ်ကွေးပျံ့နှံ့ပြီး၊ လူအမြောက်အများ ကို ကုသရတဲ့အခါမှာ ဆေးရုံတွေ အဖို့ သတ်မှတ်ထားတဲ့ စံထားချက်တွေကို လိုက်နာရာမှာ အခြေအနေပေါ်မှာ မူတည်ပြီး လိုက်နာခွင့်ရရှိသွားပါတယ်။
ရောဂါကုသရေးမှာ ဗဟိုအစိုးရ က သတ်မှတ်ထားတဲ စံထားချက်တွေ ကို လိုက်နာရပါတယ်။ ခုလို အရေးပေါ် အခြေအနေ အဖြစ် သတ်မှတ်လိုက်တဲ့အခါမှာတော့ တချို့ စံထားချက်တွေကို လိုက်နာဖို့ မလိုတော့ဘဲ၊ မြန်မြန်ဆန်ဆန် တုံ့ပြန် ကုသနိုင်ခွင့် ရရှိနိုင်ပါတယ်။
ဒီနှစ်စောစောပိုင်း စပျံ့ခဲ့ကတည်းကဆိုရင်၊ အမေရိကန် မှာ လူ ၁,၀၀၀ ကျော် H1N1 ကြောင့် သေဆုံးခဲ့ပြီး လူနာ ၂၀,၀၀၀ ကျော် ဆေးရုံတင်ခဲ့ရပါတယ်။ ကမ္ဘာတဝှမ်းမှာတော့ သေဆုံးသူ ၅,၀၀၀ ဟာ H1N1 တုပ်ကွေးကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ပြောပါတယ်။
တုပ်ကွေး နဲ့ ဆက်နွယ်ပြီး ဆေးရုံတက်ရတဲ့အခါ၊ ကူညီနိုင်အောင် တိုင်းပြည်တဝှမ်း က ဆေးရုံတွေ ကို ဒေါ်လာ သန်းပေါင်း ၃,၀၀၀ ပေးထားပြီး ဖြစ်ပါတယ်လို့ အမိမြေ လုံခြုံရေး ဝန်ကြီး Janet Napolitano အထက်လွှတ်တော် ကော်မီတီ တစ်ခုမှာ ဒီအပတ် စောစောပိုင်းက ပြောခဲ့ပါတယ်။