သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လှုပ်ရှားမှု နဲ့ ခေါင်းဆောင်ပိုင်းကို သုံးသပ်စမ်းစစ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) အဖွဲ့ဝင်တွေက ပြည်လုံးကျွတ်ညီလာခံတရပ် ခေါ်ယူ ပေးဖို့ တောင်းဆိုမှုကို NLD ဗဟိုအလုပ်အမှုဆောင် (CEC) တွေက ပယ်ချလိုက်ပါတယ်။ NLD အနေနဲ့ နိုင်ငံလုံးကျွတ် ညီလာခံကြီးကို အခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ CEC ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် နိုင်ငံရေးလှုပ်ရှားမှုတွေ တက်တက်ကြွကြွ လုပ်ဆောင်နိုင်စွမ်း မရှိဘူး၊ ခေါင်းဆောင်မှုအပိုင်းအနေနဲ့ ပြတ်သားထိရောက်တဲ့ ဦးဆောင်မှုမပေးနိုင်ဘူးလို့ ယူဆကြနေသူများ ရှိနေတာမို့ ပြည်လုံးကျွတ်ညီလာခံခေါ်ယူရေး တောင်းဆိုမှုဟာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို တိုက်တွန်းဖို့ အောက်ခြေအဖွဲ့ဝင် တွေရဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ယူဆစရာရှိပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေး နဲ့ NLD ခေါင်းဆောင်မှုပိုင်းကို လေ့လာစမ်းစစ်နေသူ ထိုင်းနိုင်ငံ မဲဆောက်မြို့နေ သတင်းအယ်ဒီတာ ဒေါက်တာလွဏ်းဆွေ ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြ ထားပါ တယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်လုံးကျွတ်ညီလာခံက ယခုအချိန်မှာ လိုအပ်မှုတရပ်လို့ ယူဆပါသလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်လည်း ဆောင်းပါးတွေရေးပြီးတော့ အများကြီးတိုက်တွန်းခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ဒီအချိန်အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနှစ် (၂၀) ကျော်အတွင်းမှာ တခါမှလည်း အဲဒီလိုမျိုး ပြည်လုံးကျွတ်ညီလာခံ မကျင်းပခဲ့ဘူး။ နောက်တချက်က မကြာခင်မှာ နအဖစစ်အစိုးရက သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူတို့ စိတ်ကြိုက်ရွေးကောက်ပွဲကို ကျင်းပတော့မယ် ဖြစ်တာကြောင့် ဒီအပေါ်မှာ အောက်ခြေ NLD အဖွဲ့ဝင်တွေအနေနဲ့က ဗဟိုရဲ့ သဘောထားနဲ့ ညှိနှိုင်းပြီးတော့ သူတို့ ဘာဆက်လုပ်ရမလဲဆိုတဲ့ အနေအထားက အရေးတကြီးဆုံးဖြတ်ရမယ့် ကာလကို ရောက်ရှိနေပြီလို့ ကျနော်ယူဆပါတယ်။ အဲဒီအတွက်ကြောင့် အောက်ခြေ မြို့နယ် NLD က ဥက္ကဌ၊ အတွင်းရေးမှုးတွေ အဖွဲ့ဝင်တွေနဲ့ ဗဟိုကလူကြီးတွေ တွေ့ဆုံပြီးတော့ အကျေအလည် ညှိနှိုင်း ဆွေးနွေး ပြီးတော့ ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ချမှတ်ရမယ့်အချိန် ရောက်နေတာကြောင့် ဖြစ်နိုင်ရင် ဒီအချိန်ဟာ ပြည်လုံးကျွတ်ညီလာခံမဟုတ်တောင်မှ မြို့နယ်အသီးသီးက သက်ဆိုင်ရာ NLD တာဝန်ခံတွေ ပါဝင်တဲ့ ညီလာခံတခုတော့ အမြန်ဆုံးခေါ်သင့်ပြီလို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်က CRPP ဖွဲ့ဖို့ ကြိုးစားကြတဲ့အချိန်တုန်းက မြို့နယ်၊ ပြည်နယ်တိုင်း တွေက ကိုယ်စားလှယ်တွေကို ရန်ကုန်မှာ စုရုံးဖို့ တခါကြိုးစားခဲ့ဖူးတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက တက်ရောက်ဖို့ ကြိုးစားတဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေမှာ အဖမ်းခံရတဲ့လူတွေ ရှိတယ်၊ ဧည့်ဂေဟာတွေမှာ အထိန်းသိမ်း ခံခဲ့ရ သူတွေရှိတယ်၊ တချို့ဆိုရင် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတာရှိခဲ့တယ်။ အခုလက်ရှိအချိန်မှာ နိုင်ငံရေးအရ တော်တော်လေး အရေးကြီးတဲ့အချိန်အခါဆိုပြီတော့ ယူဆတဲ့အတွက်ကြောင့် ဒီလို တစုံတရာပြဿနာ မပေါ်အောင် CEC အလုပ်အမှုဆောင် ကော်မတီအနေနဲ့ ရှောင်လွှဲတဲ့သဘော မဟုတ်ဘူးလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်မြင်တာကတော့ ပြီးခဲ့တဲ့ ၉၇ မှာ လုပ်ခဲ့ဖူးသလို ပြီးခဲ့တဲ့ ဒီနှစ်ပိုင်း ဧပြီလက စုံညီ အစည်းအဝေး တခါဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီလို ခေါ်ခဲ့တုန်းက ဘာမှပြဿနာမရှိဘဲနဲ့ အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့တဲ့အပေါ်မှာ အခုလိုမျိုး အောက်ခြေက တောင်းဆိုလာတဲ့ဟာကို NLD ဗဟိုအလုပ်အမှုဆောင်များအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းကလို အားစိုက်ပြီး ကြိုးစားလုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ ဒါမှလည်း အောက်ခြေရဲ့ သဘောထားနဲ့ ဗဟိုရဲ့ သဘောထား တသမတ်တည်းဖြစ်ပြီးတော့ ရှေ့ဆက် NLD အနေနဲ့ ဘယ်လိုတိုက်ပွဲဝင်ပြီးတော့ ဆက်ပြီး စခန်း သွားမယ် ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ကျနော်က ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပြည်လုံးကျွတ်ညီလာခံဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ နည်းနည်းလေး ကွာခြားမှု ရှိနေတာ ကို တွေ့နေရတယ်။ အထူးသဖြင့် NLD CEC ရဲ့ ရှင်းပြတဲ့အချက်ထဲမှာ ဒီလို နိုင်ငံလုံးကျွတ် ညီလာခံကြီးကို ခေါ်ဖို့အတွက် ဆိုရင် အောက်ခြေမြို့နယ်တွေမှာ အစည်းအဝေးတွေ ကျင်းပရမယ်၊ အောက်ခြေမြို့နယ်တွေမှာ ပြန်ပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေ ရွေးရမယ်။ အဲဒီအခြေအနေတွေက အခုလောလောအားဖြင့် ပြည်နယ်နဲ့တိုင်း၊ မြို့နယ်တွေမှာ ရုံးတွေ တောင် ဖွင့်ခွင့်မရှိတဲ့အခြေအနေမှာ ဒီလိုလုပ်ငန်းစဉ်တွေဟာ မဖြစ်နိုင်ဘူးလို့ သူတို့အနေနဲ့ တွက်ထားတာတွေ ရှိနေတယ်။ ဒီ အဓိပ္ပါယ်ကောက်ယူချက်၊ ရှင်းပြချက်ကရော လက်ခံနိုင်စရာ ရှိပါသလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်တို့ နိုင်ငံရဲ့ အနေအထားက ကျနော်တို့က ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကာလဆိုတော့ သက်ဆိုင်ရာ စစ်အာဏာရှင်ကတော့ သူတို့ နိုင်သလောက်ဖိနှိပ် အုပ်ချုပ်နေတဲ့ ကာလပဲ။ ဒါကို ကျနော်တို့ က မဖြစ်နိုင်ဘူးဆိုပြီတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ကျနော်တို့က လည်းစင်းခံဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ ကိုယ်ရနိုင်တဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်ဘာသာပဲ တိုက်ယူရမယ်။ ဒီ ပါတီညီလာခံဆိုတာက ပါတီအတွင်း ကိစ္စ ဖြစ်တယ်။ နအဖကို ဘာမှ သွားပြီး တောင်းဆိုနေစရာအကြောင်း မရှိဘူး၊ သူတို့ပေးတဲ့အမိန့်ကိုလည်း နာခံစရာ အကြောင်း မရှိဘူး။ ကိုယ့်ပါတီတွင်း ကိစ္စကို ကိုယ့်လူတွေ ဘယ်နေရာမှာ တစုတဝေး စုစုစည်းစည်း ဆုံနိုင်မလဲဆိုတာကို ပါတီက လူကြီးတွေက ဦးဆောင်ပြီးတော့ ရဲရဲတောက် စီစဉ်သင့်တယ်လို့ မြင်တယ်။ ဒါမှလည်း အခုလို အရေးကြီးတဲ့ကာလမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီးတော့ ပြည်သူလူထုကို နည်းနည်းလေး အားတက်စရာကောင်းမယ့် message တွေ ပေးနိုင်မယ်လို့ ယူဆတယ်။ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် ကြံဆတာက နိုင်ငံရေးလို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြောသွားတဲ့အထဲမှာ အရေးကြီးတဲ့ကာလမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဘို့ ဆိုလို့ရှိရင် ဒါ ပါတီရဲ့ ခေါင်းဆောင်ပိုင်းမှာ ပြန်လည်ဖွဲ့စည်းရေး၊ ပါတီရဲ့ မူဝါဒတွေကို ပြတ်ပြတ်သားသား ပေးနိုင်ရေးတွေ ပါတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CEC အကြောင်းပြချက်ထဲမှာ တခုမြင်နေရတာက ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ဟာ ထိန်းသိမ်းခံနေတာကြောင့် ဒီလို စုံညီလာခံတွေမှာ မပါနိုင်ဘူး။ သူတို့ မပါနိုင်တဲ့အတွက်ကြောင့် ဒီလို ပြန်လည်စုဖွဲ့ရေး၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူးဆိုတဲ့ သဘောမျိုးကို ပြန်လည် ရှင်းပြနေတာ တွေ့ရတယ်။ အဲဒီတော့ သဘောက တဘက်က စစ်အစိုးရအနေနဲ့လည်း ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးထား တာ ပါတီရဲ့ လုပ်ငန်းစဉ်တွေ မဖြစ်အောင် တားဆီးထားတဲ့ သဘောမျိုး ရည်ရွယ်ထားတယ်ဆိုတော့ ဒီလို ခေါင်းဆောင်တွေ မပါဘဲနဲ့ ပါတီတခုလုံး အရေးကြီးတဲ့အလုပ်တွေ မလုပ်နိုင်ဘူးဆိုရင် စစ်အစိုးရ အလိုကျအတိုင်း ဖြစ်နေတယ်လို့ ယူဆလို့ မရနိုင်ဘူးလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်တို့ကတော့ လက်ရှိအနေအထားမှာ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ထိန်းသိမ်းခံထားရတယ်ဆိုတော့ တဘက်သတ် ဖမ်းဆီးခံနေရတဲ့အချိန်မှာ ဒီ ခေါင်းဆောင်တွေ လွတ်မြောက် ရေးကို စောင့်နေလို့ မရပါဘူး။ ကျနော်တို့ ကိုယ်တိုင်က ဒီ ခေါင်းဆောင်တွေ လွတ်မြောက်အောင် ပါတီကို ဘယ်လိုပြုပြင် ပြောင်းလဲပြီးတော့ ဘယ်လိုတိုက်ပွဲဝင်ပြီးတော့ ခေါင်းဆောင် နှစ်ဦးကို အပြင်ရောက်အောင် လူထုအားနဲ့ ပေါင်းစပ်ပြီးတော့ ဆွဲထုတ်ရမယ့်အချိန် ရောက်နေတာပါ။ ဒါကြောင့် NLD မှာ လက်ရှိ အင်အားနဲ့ မြို့နယ်တိုင်းအသီးသီးမှ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှုး၊ တာဝန်ခံတွေနဲ့ ဗဟိုက လက်ရှိ CEC တွေ ပေါင်းပြီးတော့ အထဲရောက်နေတဲ့ ခေါင်းဆောင် နှစ်ဦးကို ဘယ်လိုမျိုး လူထုအားနဲ့ ပေါင်းစပ်ပြီးတော့ ဆွဲထုတ်မလဲဆိုတာကို တိုင်ပင်ရမယ့်အချိန်ပါ။ ဒါကြောင့် ဒီ ညီလာခံက ၂၀၁၀ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် တိုင်ပင်ရမှာ အရေးကြီးသလို၊ ခေါင်းဆောင်နှစ်ဦးကို ဘယ်လိုမျိုး အပြင်ရောက်အောင် ဆွဲထုတ်မလဲဆိုတဲ့ အားလုံးရဲ့ တပြည်လုံးမှာရှိတဲ့ NLD ခေါင်းတွေအားလုံး စုစည်းပြီးတော့ တက်နိုင်သလောက် စုစည်းပြီး တော့ တိုင်ပင်ညှိနှိုင်း ဆွေးနွေးရမယ့်အချိန်လို့ ထင်ပါတယ်။ သို့မဟုတ်ရင် ဒီအတိုင်း နအဖပေးသမျှကို တောင်းပြီးတော့ ထိုင်စောင့်နေမယ်ဆိုရင်တော့ ခေါင်းဆောင်နှစ်ဦးကလည်း ဘယ်သောအခါမှ ပြန်လည်လွတ်မြောက်လာမယ့်ကိန်း မမြင် မိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီဆက်လျှက်ရှင်သန်နေရေးကိုပဲ ဦးစားပေးနေပြီတော့ လူထုအတွင်း လှုပ်ရှားမှုတွေကို ကျကျနန ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ အဲဒီအကြောင်းလေး နည်းနည်းရှင်းပြပေးပါ။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်တို့က NLD ပါတီရှိဖို့ကို လက်ခံပါတယ်။ သို့သော်လည်းပဲ NLD ပါတီရှိဖို့ထက် ကျနော်တို့ တိုင်းပြည်က ဘာလဲဆိုတော့ ဒီမိုကရေစီရရှိရေးကို ပိုပြီး ဦးစားပေးရမှာပါ။ NLD ပါတီကြီးက နှစ်ပေါင်း တစ်ရာလောက် ရှိနေပြီတော့ ဒီအတိုင်း လက်ရှိအနေအထားအတိုင်း ရှေ့လည်းမတိုး နောက်လည်းမဆုတ် အနေအထားမှာ နှစ်တစ်ရာ လောက် NLD ပါတီ ဆက်ရှိပြီးတော့ ဒီမိုကရေစီလည်း မရဘူး၊ နအဖလည်း ဒီအတိုင်းပဲ အုပ်ချုပ်မြဲ၊ ဖိနှိပ်မြဲ၊ ရက်စက်မြဲ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အနာဂတ်ထွက်ပေါက်က ဘယ်လိုမှ ရှာကြံလို မရတော့ပါဘူး။ ဒါကြောင့် ကျနော်တို့က ဒီအချိန်မှာ ပါတီရပ်တည်ရေးထက် ဒီမိုကရေစီ ရရှိရေးကို ဘယ်လိုရအောင် စွမ်းဆောင်ပြီးတော့ risk ယူပြီးတော့ ဘယ်လိုသွားမလဲဆိုတာကို အပြင်းအထန် ကြိုးပမ်းအားထုတ်ရမယ့်အချိန်လို့ ယူဆပါတယ်။ ဒီတော့ ပါတီရပ်တည်ရေးဟာ ဒီအချိန်မှာ ဒုတိယဖြစ်ပြီးတော့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ဖို့က ပထမဦးစားပေးလို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ NLD ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပုံစံမျိုးက တဗိုလ်ဆင်း တဗိုလ်တက် ပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ သဘောကို ပြောချင်တာလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ဟုတ်တယ်။ မဟုတ်ဘူး ဖြစ်နေတယ်။ တိုက်ပွဲဝင်နေတဲ့ကာလမို့ တဗိုလ်ဆင်း တဗိုလ်တက် ပုံစံနဲ့ သွားရမှာပဲ။ ပြီးခဲ့တဲ့ ရွှေဝါရောင် မတိုင်ခင်မှာ ဦးဆောင်သွားတဲ့ လူထု movement ကို ဦးဆောင်သွားတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျနော်တို့ အင်မတန်မှ ချီးကျူးဖို့ကောင်းသလို၊ နမူနာယူဖို့လည်း ကောင်းပါတယ်။ ကျနော်ထင်တယ် ဒီနေ့ လက်ရှိ NLD- CEC နေရာမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်း က ရှေ့ကို တော်တော်လေး ရွေ့လောက်ပြီလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကြောင့် ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ခဲ့တာ သူတို့ရဲ့ ရှေ့က ဦးဆောင်မှုနဲ့ လူထုကို စည်းရုံးသိမ်းသွင်း ပါးပါးနပ်နပ်နဲ့ စည်းရုံးခေါ်ဆောင်မှုက အဓိကကျတယ်လို့ ယူဆပါတယ်။ အဲဒီက ပေါက်ဖွားလာတဲ့ စိတ်ဓါတ်တွေနဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့တာပါ။ သို့ပေမဲ့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားချိန်မှာ သက်ဆိုင်ရာ တာဝန် ရှိတဲ့ ပါတီက ဘာမှ ဦးဆောင်မလုပ်ဘဲ ငြိမ်နေတဲ့အတွက် ကျနော်တို့ တော်လှန်ရေးကြီးက သားမလျှောသင့်ဘဲနဲ့ လျှောခဲ့ရ တဲ့ အနေအထားကို ရောက်ခဲ့ရတယ်။ တော်တော်လေးကို နှမြောစရာကောင်းတဲ့ အခွင့်အရေးတခုပါ။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိအားဖြင့် NLD အနေနဲ့ လူထုလှုပ်ရှားမှု၊ လူထုနိုင်ငံရေးဘက်ကို ဦးတည်အောင်ဆိုလို့ရှိရင် ဘယ်လိုအနေအထားကနေ စသင့်တယ်လို့ ယူဆပါသလဲ။

ဒေါက်တာလွဏ်းဆွေ ။ ။ ဦးတည်အောင်လို့ဆိုရင် အတတ်နိုင်ဆုံး အောက်ခြေက ပြောင်းလဲချင်တဲ့ ဆန္ဒရှိနေတဲ့၊ အာသီသ ရှိနေတဲ့ မြို့နယ်က လူတွေအားလုံးကို ခေါ်ပြီးတော့ တွေ့ဆုံရပါမယ်၊ ဆန္ဒသဘောထား မေးမြန်းရပါမယ်။ နောက်တချက် လိုအပ်ရင် CEC အတွင်းမှာ မထုတ်ပယ်ရင်တောင် မထွက်ခိုင်းရင်တောင် အားဖြည့်ပြီး တကယ် လုပ်နိုင်မယ့် လူတွေကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နေရာတွေကို တင်စေချင်ပါတယ်။ ကျနော်က လက်ရှိ CEC တွေကို မုန်းလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချက်က စွမ်းဆောင်ရေးကို ကြည့်ပြီးတော့ ဝေဖန်တာဖြစ်တဲ့အတွက်ကြောင့် အသက်ရွယ်တန်း အားဖြင့်လည်း ၉၀ ကျော်ဖြစ်နေတော့ တော်တော့်ကို ကြီးနေပါပြီ။ ဘယ်လိုမှလည်း ထက်ထက်မြက်မြက် ဦးဆောင်နိုင်စွမ်း မရှိတော့ဘူး။ နောက်တချက်က ကျနော်တို့ရဲ့ တိုက်ပွဲအနေအထားကလည်း တိုက်မှရမယ့် အနေအထားဖြစ်နေတော့ အဲဒီလို ဦးမဆောင် နိုင်တဲ့ လူတွေ ဆက်ရှိနေမယ်ဆိုရင် ဒီအတိုင်း ဆက်ပြီး မရွှေ့ဘဲနဲ့ လည်းစင်းခံ ဖြစ်နေတာကြောင့် သက်ဆိုင်ရာ မြို့နယ်က NLD လူတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်အောင် ဘယ်လို ဖွဲ့စည်းမလဲ၊ ဖွဲ့စည်းပြီးနောက် သစ်လွင်လာ တဲ့ CEC အဖွဲ့နဲ့ လူထုတိုက်ပွဲကို ဘယ်နည်းနဲ့ ဖော်ဆောင်မလဲဆိုတာကို စဉ်းစားပါမယ်။ ဒါကြောင့် အမြန်ဆုံး အောက်ခြေ တွေ နဲ့ တွေ့ဆုံပြီးတော့ ပြင်ဆင်ဖွဲ့စည်းဖို့ တိုက်တွန်းလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု လက်ရှိအခြေအနေက ဥပမာအားဖြင့်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံပွဲတွေ နည်းနည်းလေး ပြန်ဖြစ်နေတယ်။ နောက်ပြီး အမေရိကန်အစိုးရရဲ့ မူဝါဒ အတွင်းမှာ အပြောင်းအလဲတွေနဲ့ မြန်မာစစ်အစိုးရရဲ့ ဘက်ပြောင်းလာတဲ့ပုံစံမျိုးတွေ တွေ့လာရတော့ တကယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လူထုတိုက်ပွဲပုံစံတွေ ဖော်ဆောင်လာတဲ့ပုံစံတွေရှိလာခဲ့ရင် မြန်မာစစ်အစိုးရအနေနဲ့ စိုးရိမ်စိတ် လွန်ကဲပြီးတော့ အခြေအနေတွေ အကုန်လုံး ရှုပ်ထွေးလာမယ့် သဘောမျိုး ဖြစ်မသွားနိုင်ဘူးလား။

ဒေါက်တာလွဏ်းဆွေ ။ ။ ကျနော်မြင်တာက အခု တွေ့ဆုံဆွေးနွေးရေး ဖြစ်တယ်ဆိုတဲ့ အရွေ့က ဘာလဲဆိုတော့ နအဖ က ရွှေ့လို့ ရွေ့တဲ့အရွေ့ပဲ။ ကျနော်တို့ဘက်က ဖိအားပေးနိုင်လို့ ရွေ့တဲ့အရွေ့မဟုတ်ဘူး။ နအဖကလည်း ဒီအရွေ့ကို ဘာလို့ ရွှေ့လည်းဆိုတော့ တစ်အချက်က သူတို့အရမ်းကို လည်ပင်းအစ်နေတဲ့ sanction ကိစ္စကြီးကို လျော့ချင်တယ်။ ဒါကို လုံးဝ ပျက်ပြယ်ချင်တယ်။ ဒီအတွက်ကြောင့် အမေရိကန်နဲ့ နိုင်ငံရေးကစားပြီတော့ ဒေါ်စုကိုလည်း နိုင်ငံရေးကစားတာပဲ။ ကျနော် တို့ဘက်က ဖိအားပေးနိုင်လို့ ရွေ့တဲ့အရွေ့ မဟုတ်တဲ့အတွက်ကြောင့် ဒါဟာ နအဖ ကစားတဲ့ ရွေ့ကွက်ထဲမှာ ကျနော်တို့က လည်ထွက်နေမှာဘဲလို့ ယူဆပါတယ်။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ ရွှေ့တဲ့အရွေ့ကို လိုချင်တယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် တိုက်ပွဲဖော်တဲ့ ဖိအားနဲ့မှ ကိုယ်လိုချင်တဲ့ပုံစံကို ရွှေ့လို့ရမယ်လို့ ကျနော်ယူဆပါတယ်။ သို့မဟုတ်က အခု နအဖ ရွှေ့တဲ့ရွှေ့ကွက်ထဲမှာပဲ ကျနော်တို့က ဟိုဘက်ကို ရွေ့လိုက် ဒီဘက်ကို ရွေ့လိုက်နဲ့ လည်ထွက်ပြီးတော့ ကိုယ်လိုရာခရီးကို မရောက်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အသက်ကြီးသွားမယ်။ NLD ဗဟို CEC လည်း တယောက်ပြီး တယောက် ကြွေသွားမယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာမှာပါ။ အဲဒီလိုပဲ မြင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG