သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဗုံးကွဲမှု လူ ၁၃၀ ကျော် သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်မှာ လပေါင်းများစွာအတွင်း သွေးထွက်သံယို အများဆုံး တိုက်ခိုက်မှုလို့ ပြောနိုင်တဲ့ အင်အားပြင်းတဲ့ ကားဗုံးခွဲတိုက်ခိုက်မှု ၂ ခုအတွင်း လူပေါင်း ၁၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

တနင်္ဂနွေနေ့က ဆက်တိုက် တိုက်ခိုက်မှု ၂ ခုဟာ ပြည်နယ်အစိုးရရုံး တခုနဲ့ တရားရေးဝန်ကြီးရုံးတွေနားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အပျက်အစီးပုံတွေ ကြားကနေ အလောင်းတွေကို ဆွဲထုတ်နေတာနဲ့အတူ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် အီရတ်မြို့ထဲမှာ တုန်ခါခဲ့ပြီး ဗုံးကွဲတဲ့နေရာကနေ တက်သွားတဲ့ မီးခိုးလုံးကြီးတွေကို ကောင်းကင်ပေါ်မှာ မြင်ရပါတယ်။

ဒီဖောက်ခွဲမှုနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေဆီက တစုံတရာ ဝန်ခံပြောတာမျိုး မရှိသေးပါဘူး။ အကြမ်းဖက်မှု ပုံစံကတော့ အယ်လ်ကိုင်းဒါးက လုပ်တဲ့ပုံစံ ဖြစ်တယ်လို့ အီရတ်အစိုးရ ပြောခွင့်ရသူ အလီ အယ်လ် ဒတ်ဘာ့ဂ် (Ali Al Dabbagh) က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အီရတ်မှာ အကြမ်းဖက်မှုတွေ သိသိသာသာ ကျဆင်းခဲ့ပေမဲ့ အကြမ်းဖက်သမားတွေဟာ အီရတ်လုံခြုံရေးတွေ၊ အရပ်သားတွေအပေါ် ကြိုးကြားကြိုးကြား တိုက်ခိုက်မှုတွေတော့ ရှိပါတယ်။

ရှေ့နှစ် ဇန်နဝါရီလ ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ခိုက်မှုတွေ ပိုများလာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG