သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးထဲ ဒေါ်စု ပါဝင်နိုင်၊ ဝန်ကြီးချုပ်သိန်းစိန် ပြောဆို


မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံ ခေါင်းဆောင်တွေကို ပြောဆိုသွားပါတယ်။ ဒီနေ့ ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေများ ရလဒ် ထွက်ခဲ့သလဲ၊ မြန်မာအစိုးရကရော နိုင်ငံရေး ပြောင်းလဲမှုအတွက် အာဆီယံကို ဘယ်လို ကတိကဝတ်တွေများ ပေးခဲ့သလဲ၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲရှိတဲ့ ထိုင်းနိုင်ငံ ချအမ်းမြို့မှာ ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုသိန်းထိုက်ဦးခင်ဗျား၊ အာဆီယံ အစည်းအဝေးက ဒီနေ့ နောက်ဆုံး ပြီးသွားပြီဆိုတော့ အာဆီယံ အစည်းအဝေးကြီးကနေ ဒေသနဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းအချက်တွေကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသလဲ၊ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရော ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။

“ဟုတ်ကဲ့၊ ဒီနေ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲကတော့ ပြီးသွားပါပြီ။ ထုံးစံအတိုင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ဆွေးနွေးဘက်နိုင်ငံ ၆ နိုင်ငံကြားမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးုဆိုင်ရာ သဘောတူညီချက်တွေ ချမှတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတွေ၊ ရာသီဥတု ပြောင်းလဲလာမှုနဲ့ ကမ္ဘာတဝန်း ကြုံနေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတဲ့ ကိစ္စတွေကို သဘောတူလက်မှတ်တွေ ဒီနေ့ တော်တော်လေး ရေးထိုးဖြစ်ကြတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အစိုးရက ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို စစ်အစိုးရဘက်က လျှော့ကောင်းလျှော့မယ်ဆိုပြီး ဂျပန်နိုင်ငံဘက်က ပြောခဲ့တဲ့ သတင်းတွေ ထွက်လာခဲ့တော့ ဒီကိစ္စက တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာကို အတည်ပြု ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ သူ့အနေနဲ့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝက ပြောသွားပါတယ်။”

တဆက်တည်းပဲ အာဆီယံ ကြေညာချက်ထဲမှာ ကျနော် သတိထားမိသလောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတဖို့ဆိုပြီး တွန်းအားပေးထားတာ တွေ့ရပါတယ်။ အာဆီယံ ခေါင်းဆောင်တွေကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ပြောနေတဲ့အခါကြတော့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ်ကြီးသိန်းစိန်ကရော ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကတိတွေများ ပေးတာရှိသေးလဲ ခင်ဗျ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝကို မေးကြည့်တော့ ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းကြည်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပေမဲ့ တကယ်တမ်းကြတော့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးမယ်၊ မပေးဘူးဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘက်က ပြောကြားတာနဲ့ ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ရွေးကောက်ပွဲ ဥပဒေကို စတင် ပြင်ဆင်နေပြီဆိုတဲ့အကြောင်း ရှင်းပြခဲ့ပြီး ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်တဲ့ မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် နိုင်ငံတကာက လိုလားတယ်ဆိုတာ သူတို့အနေနဲ့ သိရှိတဲ့အကြောင်း၊ အသိအမှတ် ပြုတဲ့အကြောင်း ဝန်ခံပြောဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။

“ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခွင့်ပေးတာကို နိုင်ငံတကာက လိုလားနေတယ်ဆိုတာ သူ့အနေနဲ့ သိရှိကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေ ဘယ်လောက်အထိ ပါဝင်ခွင့်ပေးမယ်၊ ယုတ်စွအဆုံး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို မြင်ချင်တဲ့အတွက် ထိုင်းဝန်ကြီးချုပ်က သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောတာကိုတောင်မှ မြန်မာစစ်အစိုးရဘက်က တိတိကျကျ ပြန်လည်ဖြေကြားတယ် ဆိုတာမျိုး ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြောသွားတာ မတွေ့ရပါဘူး။

“ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း တိတိကျကျ ကတိပေးသွားတာမျိုး ဘာမှမရှိပါဘူး။ သူတို့အနေနဲ့ နိုင်ငံတကာရဲ့ သဘောဆန္ဒ၊ အာဆီယံနိုင်ငံတွေရဲ့ သဘောဆန္ဒကို သိတယ်ဆိုတာလောက်ပဲ ပြောသွားတာ ကြားရပါတယ်။”

အာဆီယံကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘော ဆက်ဆံရေးမူကို တောက်လျှောက် ကျင့်သုံးခဲ့တယ်၊ အခုဆိုရင် အနောက်နိုင်ငံတချို့ ဆိုရင်လည်း သူတို့ရဲ့ မူဝါဒ ပေါ်လစီက ဒီလိုပေါ်လစီတွေ ဖြစ်လာတဲ့အခါကြတော့ အခု ဒီ အာဆီယံ အစည်းအဝေးမှာ မြန်မာအစိုးရကို အာဆီယံအနေနဲ့ ဘယ်လောက်အထိ မြန်မာနိုင်ငံမှာ ပြောင်းလဲရေးအတွက် တွန်းအားတွေ ပေးနိုင်လဲ၊ ဖျောင်းဖျနိုင်တယ်လို့ ယူဆလို့ရလဲခင်ဗျ။

“ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ ပြောသွားတာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေတင် မဟုတ်ဘဲနဲ့ ဒေသပေါင်းစုံက နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးကို သူတို့ ဆက်ပြီး တွန်းအားပေးသွားမယ်၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်အောင် လုပ်သွားမယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း အာဆီယံနိုင်ငံတွေက နိုင်ငံတကာက အာရုံစိုက်တဲ့ အစည်းအဝေး ကာလမျိုးတွေမှာတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောတတ်ပြီးတော့ နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။

“ဥပမာ အာဆီယံကိုယ်တိုင်က ဦးတည်ချက် တခုတည်းအောက်မှာ သွားနေတယ် ဆိုပေမဲ့ လူထုအဓိက လူ့အဖွဲ့အစည်း၊ Civil Society အဖွဲ့အစည်းမျိုးတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများက အသိအမှတ် မပြုနိုင်သေးတာတွေ၊ ဒီအခက်အခဲတွေ ရှိနေတယ် ဆိုတာကိုလည်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ ကိုယ်တိုင် ဝန်ခံသွားပါတယ်။

“အဲဒီတော့ ဒေသတွင်း နိုင်ငံတွေကြားမှာ ဒီမိုကရေစီ ဖွံ့ဖြိုးမှုတို့၊ လူထုအဓိက အဖွဲ့အစည်းတွေကို အသိအမှတ်ပြုဖို့ အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပြောင်းလဲလာအောင် အာဆီယံကိုယ်တိုင် လုပ်နိုင်ဖို့ ဆိုတာကတော့ တော်တော် အလှမ်းဝေးတယ်လို့ ပြောရမှာပါ။”

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိ သတင်းယူနေတဲ့ ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG