သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် လောက်ကိုင်မြို့မှာ တရက်တည်း ဗုံး ၁၄ လုံး ကွဲ


မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က ကိုးကန့် အထူးဒေသ လောက်ကိုင်မြို့အတွင်းမှာ ပြီးခဲ့တဲ့ စနေနေ့ညက နေရာ ၅ နေရာလောက်မှာ ဗုံး ၁၄ လုံး ပေါက်ကွဲခဲ့ပြီး လောက်ကိုင် အထူးဒေသရဲ့ ရုပ်သံလွှင့်ရုံဟာ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကိုးကန့်ဒေသရဲ့ လက်ရှိ အာဏာပိုင်အဖွဲ့တွေက ယခင်ဥက္ကဋ္ဌဟောင်း ဖုန်ကြားရှင် လူတွေရဲ့ လက်ချက်လို့ စွပ်စွဲထားပေမဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ ဒါဟာ လက်ရှိ အာဏာရယူထားတဲ့ ကိုးကန့်အဖွဲ့အတွင်း အာဏာပြိုင်ဆိုင်မှုအဖြစ် သုံးသပ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကိုးကန့်ဒေသဟာ အရင်လို ပြန်လည်တည်ငြိမ်နေပြီလို့ မြန်မာစစ်အစိုးရက ကြေညာပြီး တလကျော် ကာလမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာပါ။

မြန်မာစစ်တပ်ဖွဲ့တွေက အပစ်အခတ် ရပ်စဲခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ အခြေစိုက်ရာ လောက်ကိုင်မြို့ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင် တိမ်းရှောင်သွားပြီးတဲ့နောက် မြန်မာစစ်အစိုးရက ပိုင်စုံချိန် ခေါင်းဆောင်တဲ့ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လောက်ကိုင်မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်က နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဒီပေါက်ကွဲမှုတွေဟာ ၂၄ ရက်နေ့၊ စနေနေ့ည သန်းခေါင်လောက်က စတင်ခဲ့တာလို့ ပြောပါတယ်။

“၂၄ ရက်နေ့ည ၂၄ နာရီကနေပြီးတော့ ၂၅ ရက်နေ့မနက် ၄ နာရီအထိ ဖြစ်တာ၊ ၁၄ ကြိမ်ကွဲတာ။ ကွဲတာက စနစ်တကျ ချည်နှောင်ပြီးမှ ခွဲတဲ့ဗုံးပေါ့ဗျာ။ ဟို တံတားတွေ ဘာတွေ ချိုးတဲ့ TNT နဲ့ ကပ်ပြီးမှ ခလုတ်နှိပ် ဖြုတ်တာကိုး။ အဓိက ၂ နေရာ၊ တနေရာက အခုလောလောဆယ် ကိုးကန့် အထူးဒေသ ၁ ပိုင်စုံချိန်ရဲ့ လောင်းကစားဝိုင်းကြီး၊ ဒုတိယနေရာကတော့ ကိုးကန့် အထူးဒေသ ၁ ရဲ့ TV Station ပေါ့။ TV Station ကတော့ လုံးဝ ပျက်စီးသွားတယ်။”

ဗုံးပေါက်ကွဲတာဟာ အနည်းဆုံး ၅ နေရာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအချိန်ထိတော့ အသေအပျောက်၊ အပျက်အစီးစာရင်း အတိအကျကို မသိရသေးပါဘူး။ ရုပ်သံလွှင့်ရုံ ပေါက်ကွဲတာကတော့ ပြင်းထန်တာကြောင့် အသေအပျောက် ရှိနိုင်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ကိုးကန့်ဒေသရဲ့ လက်ရှိ အာဏာပိုင်အဖွဲ့တွေက ဖယ်ရှားခံလိုက်ရတဲ့ ကိုးကန့်ဥက္ကဋ္ဌဟောင်း ဖုန်ကြားရှင်ရဲ့ လူတွေနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ယူဆထားပေမဲ့ ဒါဟာ ပိုင်စုံချိန် ခေါင်းဆောင်တဲ့ ကိုးကန့်ဒေသ ယာယီဦးစီး ကော်မတီအတွင်း အားပြိုင်မှုလည်း ဖြစ်နိုင်တယ်လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“သူတို့ဘက်ကနေ ပြောနေတာကတော့ ဖုန်ရဲ့ အမျိုးထဲက တယောက်ပေါ့၊ ချိန်လို့ ခေါ်တယ်။ တရုတ်လိုတော့ မိုင်ချိန်၊ ဦးချိန်ပေါ့၊ ဦးချိန်လုပ်သွားတာလို့ ပြောတယ်။ ဟိုလူ့ကိုတော့ မမိဘူး။ အားလုံး သုံးသပ်ချက်မှာတော့ ကိုးကန့်ရဲ့ အခြေအနေက အတော်ရှုပ်ထွေးတယ်ပေါ့ဗျာ။ နောက်တခုက ဗမာအစိုးရက ဖုန်ကို ချချင်လို့ သူနဲ့ အစောကြီး နားလည်မှုရထားတဲ့ ပိုင်ကို လုပ်ပေမဲ့လည်း ပိုင်ကိုယ်တိုင်က ဖုန်တို့လို သမိုင်းအစဉ်အလာ မရှိတဲ့အခါမှာ အစိုးရစိတ်ကြိုက် ဖွဲ့ထားတဲ့ အဖွဲ့ထဲမှာကို လေးငါးဂိုဏ်းလောက် ထွက်လာတာ။ အဲဒီ ဂိုဏ်းတိုက်ပွဲတွေကလည်း ဘယ်အချိန်မှာ ဘယ်လို ထပေါက်ကွဲမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အခုဖြစ်တဲ့ကိစ္စမှာလည်း ဖုန်လို့သာ နာမည်တပ်ထားပေမဲ့ အခိုင်အမာ ဘယ်သူ့လက်ချက်ဆိုတာ ပြောဖို့ အတော်စောပါသေးတယ်။”

လောက်ကိုင်မြို့မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ တရုတ်ကျန်းမာရေးအဖွဲ့ရဲ့ တာဝန်ရှိသူ တယောက်က ၂၄ ရက်နေ့ညက အနည်းဆုံး ၅ နေရာမှာ ပေါက်ကွဲခဲ့ပြီး Asia Medical Doctors’ Association ရုံးအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ရတယ်လို့ ပြောပါတယ်။

အခုလို လောက်ကိုင်မြို့မှာ တညတည်း ဗုံး ၁၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ချိန်မှာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားဘောင်က မြန်မာဘက်က နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းမယ်လို့ မျှော်လင့်ကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တပ်တွေအကြား သြဂုတ်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားချိန်မှာ တရုတ်နိုင်ငံဘက်ကို ကိုးကန့်ဒုက္ခသည် ၃၀,၀၀၀ ကျော် ထွက်ပြေးခဲ့ပါတယ်။

အခုအခါမှာ ကိုးကန့်ဒေသအတွင်း မြန်မာစစ်တပ်က တပ်မ ၃၃၊ လောက်ကိုင် ဒကစနဲ့ စကခ ၁၆ က အနည်းဆုံး တပ်ရင်း၂၀ လောက် တပ်စွဲထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG