သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲ မြန်မာ ပါဝင်


ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်နဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လကနေ ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ကမ္ဘာတဝန်း နိုင်ငံအသီးသီးရဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေကို သုံးသပ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုပေမဲ့ ဘာသာရေး အဖွဲ့အစည်းတွေ အပါအဝင် အသင်းအပင်းတွေ လွတ်လပ်စွာ မဖွဲ့စည်းနိုင်သလို စုရုံး စည်းဝေးခွင့်လည်း ကန့်သတ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး မြှင့်တင်ကြတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် အရှင်ဂမ္ဘီရ အပါအဝင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကိုလည်း ထောင်သွင်း အကျဉ်းချထားတဲ့အကြောင်း၊ ထေရဝါဒ သာသနာ ပြန့်ပွားရေး လုပ်ဆောင်နေတယ်လို့ ပြောပြီး ကျောင်းသားတွေ၊ ဆင်းရဲတဲ့ လူငယ်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအဓမ္မ သိမ်းသွင်းနေကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အစိုးရ ဝန်ထမ်းတွေကို ရာထူးတိုးမပေးဘဲ ထားတဲ့အကြောင်း၊ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာ ကိုးကွယ်သူတွေကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း ဘာသာရေး လွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဘာရိန်း၊ အိန္ဒိယနဲ့ ဆားဘီးယား နိုင်ငံတို့ကတော့ ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် တိုးတက်လာကြောင်း၊ တရုတ်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတို့ကလည်း ဘာသာရေး ကန့်သတ်မှု တင်းကျပ်နေဆဲ ဖြစ်ပေမဲ့ နောက်ဆုံး အစီရင်ခံစာနဲ့စာရင် မသိမသာ တိုးတက်လာတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG