အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ရဟတ်ယာဉ် ၃ စီး မနေ့က တနင်္လာနေ့ တရက်တည်းမှာ ပျက်ကျခဲ့လို့ အမေရိကန် တပ်ဖွဲ့ဝင် ၁၁ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့ရပါတယ်။
အာဖဂန်နစ္စတန် အနောက်ပိုင်း ဘက်ဂီစ်ပြည်နယ်မှာ ညွန့်ပေါင်းတပ်ဖွဲ့ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာမှာ အမေရိကန် အရပ်သား ၃ ယောက်နဲ့ တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့ရပါတယ်။ စစ်သွေးကြွတွေ ခိုအောင်းရာနေရာကို စီးနင်းတဲ့ စစ်ဆင်ရေးမှာ အဲဒီရဟတ်ယာဉ် ပျက်ကျခဲ့တာလို့ နေတိုးအရာရှိတွေက ပြောပါတယ်။
အဲဒီစီးနင်းမှုမှာ စစ်သွေးကြွလို့ မသင်္ကာရတဲ့သူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
တာလီဘန်တွေကတော့ အဲဒီရဟတ်ယာဉ်ကို သူတို့ပစ်ချခဲ့တာလို့ ပြောပေမဲ့ နေတိုးကတော့ သူတို့အပြောကို လက်မခံပါဘူး။
တနင်္လာနေ့ မနက်ပိုင်းမှာတော့ အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ညွန့်ပေါင်းတပ်ဖွဲ့က ရဟတ်ယာဉ် ၂ စီး အချင်းချင်း တိုက်မိလို့ အမေရိကန်စစ်သား ၄ ယောက် သေဆုံးခဲ့ရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ်တွေအတွက် ကွန်းခိုရာ ထပ်ပြီးမဖြစ်ရအောင် ကာကွယ်ဖို့ အသက်ပေးဆပ်ခဲ့ကြတဲ့ အမေရိကန် ၁၄ ယောက်အတွက် ၀မ်းနည်း ကြေကွဲရတယ်လို့ သမ္မတ အိုဘားမား (Obama) က ပြောဆိုလိုက်ပါတယ်။