သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံပွဲ သြစတြေးလျ ဝန်ကြီးချုပ် ဇနီး ပူးပေါင်း ပါဝင်


ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ အနေနဲ့ သြစတြေးလျနိုင်ငံက ကမ္ဘာကျော် ဆစ်ဒ်နီ အော်ပရာ ပြဇာတ်ရုံကြီးရှေ့မှာ သြစတြေးလျဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ် (Kevin Rudd) ရဲ့ဇနီး အပါအဝင် ရာနဲ့ချီတဲ့ သြစတြေးလျ ပြည်သူတွေ ဒီကနေ့ စုဝေးခဲ့ကြပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို သြစတြေးလျ ဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ်ရဲ့ ဇနီးဖြစ်သူ တယ်ရက်ဆယ် ရိန်း (Terese Rein) နဲ့ အတိုက်အခံခေါင်းဆောင် မဲလ်ကွမ်း တန်ဘူးလ် (Malcolm Turnbull) ရဲ့ဇနီး လူစီ တန်ဘူးလ် (Lucy Turnbull) တို့ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့ကြသလို ဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ် ကိုယ်တိုင်ကလည်း ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ထောက်ခံအားပေးခဲ့တယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

ဒီအခမ်းအနား ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သြစတြေးလျ ပြည်သူတွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ပိုမို ထောက်ခံအားပေးလာဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သလို မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပခဲ့တာလို့ ဦးဆောင်ကျင်းပတဲ့ သြစတြေးလျ လွှတ်တော်အမတ် ဂျနဲလ် ဆဖင်း (Janelle Saffin) က ပြောပါတယ်။

“ဒီကနေ့ အခမ်းအနားကို ကျင်းပလိုက်ခြင်းအားဖြင့် တိုးတက်မှု ၂ ခု ဖြစ်လာနိုင်ပါတယ်။ ပထမတခုကတော့ သြစတြေးလျ နိုင်ငံသားတွေက မြန်မာ့အရေးကို ပိုပြီး လုပ်ဆောင်လာကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒီလို လုပ်ဆောင်ကြဖို့လည်း ကျမက တိုက်တွန်းခဲ့ပါတယ်။ ကျမတို့အားလုံး မိနစ်အနည်းငယ် ငြိမ်သက်ပြီးတော့ ကျမတို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ၊ ဥပမာ စာရေးပြီး စည်းရုံးတာတို့၊ နောက် မြန်မာစစ်အစိုးရ အနေနဲ့ ပြောင်းလဲမှုတွေ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ပြင်းထန်တဲ့စာတွေ ရေးကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။

“ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မယ် ဆိုတာကို ကျမတို့အားလုံး ယုံကြည်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးကို ကျမ ကိုးကား ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ စစ်အစိုးရမှာ သေနတ်ပဲရှိတယ်၊ သေနတ်နဲ့ လူတွေကို ကာလအတိုင်းအတာ တခုအထိပဲ အုပ်ချုပ်လို့ ရနိုင်မယ်၊ ထာဝရစိုးမိုး အုပ်ချုပ်ထားလို့ မရနိုင်ဘူး။ ဒါကြောင့် တနေ့မှာ သူတို့ ပြောင်းကို ပြောင်းလဲလာရမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးပါ။”

သြစတြေးလျ ဝန်ကြီးချုပ်နဲ့ အတိုက်အခံ ခေါင်းဆောင်တွေက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြောင်း အခုလို ပြောဆို လုပ်ဆောင်နေကြပေမဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာစစ်အစိုးရနဲ့ ပိုမိုထိတွေ့ ဆက်ဆံသွားမယ်လို့ သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သြစတြေးလျ အစိုးရဘက်က အခုလို လေသံပြောင်းလာတာဟာ သမ္မတ အိုဘားမား (Obama) အစိုးရနဲ့ လက်ရှိ သြစတြေးလျ အစိုးရ ဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ်တို့အကြား နွေးထွေးတဲ့ ဆက်ဆံမှု ရှိနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သြစတြေးလျ အစိုးရ အနေနဲ့ လက်ရှိ တည်ရှိနေတဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဂျနဲလ် ဆဖင်းက ပြောပါတယ်။

“သြစတြေးလျ အစိုးရကတော့ မြန်မာစစ်အစိုးရအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်ပြီး ထားရှိသွားမှာ သေချာပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုတွေဟာ ငွေကြေးအရ ပိတ်ဆို့တာ၊ သြစတြေးလျနိုင်ငံကို လာလို့မရအောင် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတာ၊ စတဲ့ လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ရည်ရွယ်လုပ်ဆောင်တဲ့ အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံကို ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါဟာ သြစတြေးလျ အစိုးရဘက်က ပေါ်လစီပြောင်းတာ မဟုတ်ပါဘူး၊ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံတာသာ ဖြစ်ပါတယ်။”

နိုင်ငံတကာရဲ့ ပြောဆို ဝေဖန်မှုတွေကို မြန်မာစစ်အစိုးရက နားမထောင်ဘူး၊ မသိကျိုးကျွန် ပြုနေတယ်လို့ အများစုက ထင်မြင် ယူဆနေကြပေမယ့် အဲဒီယူဆချက်ဟာ မှားနေတယ်လို့ ဂျနဲလ် ဆဖင်းက ထောက်ပြပါတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ ဝင်ဆန့်ချင်ရင် တိုင်းပြည်အတွင်းမှာ ပြောင်းလဲမှုတွေ ဖော်ဆောင်ရမယ် ဆိုတာကို သဘောပေါက်ပါတယ်လို့ သူက ပြောပါတယ်။ စစ်အစိုးရဟာ ချက်ချင်းလက်ငင်းကြီး မဟုတ်တောင် အနှေးနဲ့အမြန် ဆိုသလို ပြောင်းလဲမှုတွေကို မဖြစ်မနေ လုပ်ဆောင်လာရမယ်ဆိုတာ သေချာပါတယ်လို့ ဂျနဲလ် ဆဖင်းက ပြောသွားပါတယ်။

ဂျနဲလ် ဆဖင်းဟာ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးနေတဲ့ သြစတြေးလျ လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။ ဆစ်ဒ်နီမြို့က ကမ္ဘာကျော် အော်ပရာ ပြဇာတ်ရုံကြီးရှေ့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို လူပေါင်း ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG