သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် စပါးခင်း ကြွက်ဖျက်ဆီး


ဧရာဝတီတိုင်းအတွင်း စပါးခင်းတချို့ကို ကြွက်တွေ ဖျက်ဆီးခဲ့တာကြောင့် ဒီနှစ်ကုန် စပါးပေါ်ချိန် စပါးဈေးကောင်းရင် စီးပွားရေး အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ထားတဲ့ ဧရာဝတီတိုင်း အတွင်းက လယ်သမားတွေ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းမှာ လယ်သမားတွေကို ကူညီနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ ကြွက်တွေကို အရေးပေါ် နိုင်အောင် မနှိမ်နင်းနိုင်ရင် ဧရာဝတီတိုင်း အတွင်းမှာ အစားအသောက် ရှားပါးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံလာရနိုင်တယ်လို့ သတိပေးနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်းအတွင်း သီးနှံစိုက်ခင်းတွေကို ကြွက်တွေ ဖျက်ဆီးခဲ့လို့ ပျက်စီးတဲ့သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက ထွက်ခဲ့တာပါ။ ဒီကိစ္စဟာ အလေးအနက် မထားလို့ မရတဲ့ အခြေအနေကို ရောက်နေပြီး ကြွက်အန္တရာယ်ကို နိုင်အောင် နှိမ်နင်းဖို့ လိုတဲ့အကြောင်း ရန်ကုန်အခြေစိုက် FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အရေးပေါ် ကူညီရေးနဲ့ ပြန်လည် နေရာချထားရေး အကြီးတန်း ဆက်သွယ်ရေးမှူး တက်စ်ဖိုင်း ဂါမာဇီယမ် (Tesfai Ghermazien) က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၄ လကနေ အခုအချိန်အထိ ဧရာဝတီတိုင်းက ကျေးရွာတွေမှာ ကြွက်ကောင်ရေ ၃,၀၀၀,၀၀၀ လောက်ကို သုတ်သင်ခဲ့ပါတယ်။ အဓိက အဆိုးဝါးဆုံး ခံရတဲ့၊ ကြွက်အများဆုံး သုတ်သင်ရတဲ့ မြို့နယ်ကတော့ လပွတ္တာမြို့နယ်ပါ။ ဒုတိယက ဘိုကလေးမြို့နယ်မှာပါ” လို့ ပြောသွားပါတယ်။

ဒီလို ကြွက်နှိမ်နင်းရေးကိစ္စကို ရပ်ကွက် ကျေးရွာတွေမှာ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရလက်အောက်ခံ မဟုတ်တဲ့ အဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်လို့ သူက ပြောပါတယ်။ ကြွက်တွေ စပါးခင်းတွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ လအတော်ကြာပေမဲ့ အခုအချိန်အထိ ဘယ်လောက်အထိ ပျက်စီးတယ်ဆိုတာ စစ်တမ်းကောက်နိုင်သေးတာတော့ မရှိသေးပါဘူး။

FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အရေးပေါ် ကူညီရေးနဲ့ ပြန်လည်နေရာချထားရေး အကြီးတန်း ဆက်သွယ်ရေးမှူး တက်စ်ဖိုင်း ဂါမာဇီယမ်ကတော့ …

“တဦးချင်းပိုင် စိုက်ခင်းတွေမှာ ပျက်စီးတဲ့နှုန်း ၄၀%၊ ၅၀% ပျက်စီးခဲ့တာတွေ ရှိပါတယ်။ ရွာအနေနဲ့ဆိုရင် အချို့ကျေးရွာ တွေမှာ ၃၀% လောက်အထိ ပျက်စီးခဲ့တဲ့ရွာတွေ ရှိပါတယ်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်ကြတော့ ပျက်စီးမှု ပမာဏက မပြောလောက်သေးပါဘူး။

“ဒါပေမဲ့လည်း စိုးရိမ်စရာ တခုကတော့ စပါးမှည့်ချိန် ရောက်လာပြီဆိုတော့ ကြွက်ကောင်ရေကလည်း အရင်ကထက် ပိုပြီး တိုးလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအခြေအနေမှာ နိုင်နိုင်နင်းနင်း မနှိမ်နင်းရင် ထိခိုက် ပျက်စီးတာတွေ ကြုံရနိုင်ပါတယ်” လို့ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ် မုန်တိုင်းဒဏ် သင့်ခဲ့ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ အခုတကြိမ် စပါးပေါ်ချိန်မှာ စပါးဈေးကောင်းခဲ့မယ်ဆိုရင် လယ်သမားတွေအတွက် တစုံတရာ အဆင်ပြေနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် တွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ကြွက်တွေက ဒီမျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ လပွတ္တာမြို့ခံ လယ်သမား တယောက်က ပြောပါတယ်။

“စပါးက ဒီဇင်ဘာလမှာ ရိပ်မှာပဲ။ စပါးရိပ်ရပြီဆိုရင်တော့ ဆန်ကြိတ်စား၊ ပြေလည်မှာပေါ့လေ၊ ထမင်းတော့။ အထွက်က ဒီနှစ်က ကြွက်တွေ သိပ်ကိုက်တယ်လေ။ လယ်တွေကလည်း အကုန်မပြီးဘူး။ ၁၀ ကွက်မှာ လေးငါးကွက်လောက် ကြွက် ကိုက်သွားတယ်။ စပါးကတော့ မဆိုးပါဘူး၊ ကောင်းပါတယ်။ ဒါပေမဲ့ ကြွက်ဖျက်ဆီးတာပေါ့။ အကုန်လုံး မြို့နယ်တွေပါ ကိုက်တယ်။ လပွတ္တာမြို့နယ်မှာလည်း ကိုက်တယ်။ အခုက လယ်သမားတိုင်း မေးကြည့်၊ ကြွက်ပဲ။ လယ်သမားကတော့ ဘယ်သူမှ ဆန်ပိုမရှိကြဘူး။ ဝယ်စားပေါ့ဗျာ၊ အခုအတိုင်းကတော့။

“လယ်တကွက်မှာ မကုန်ဘူးဆိုရင် အနည်းဆုံး ငွေ ၁၅၀,၀၀၀ လောက်ကုန်တယ်။ စပါးက ၄၀ လောက်ထွက်တာ ၁၅၀,၀၀၀ လောက်ကုန်တယ်ဆိုတော့ ဘယ်လိုလုပ်ပြီးတော့ ဈေးနဲ့က ဟပ်မိမှာလဲ။ လူငှားတယောက်ခတောင် အနည်းဆုံး ၂၅၀,၀၀၀ လောက်ကျတယ်။ ကောက်စိုက်ခလည်း ဈေးကြီး၊ လူငှားခလည်း ဈေးကြီးတော့ လယ်သမားကတော့ဗျာ ဘယ်တော့မှ ကောင်းပါ့မလဲလို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေရတာပဲ။ ဒီပုံစံနဲ့ဆိုရင် လယ်သမားတွေက နောက်ဆို လယ်ကို စွန့်လွှတ်ရမယ့် အခြေအနေပဲ။”

လပွတ္တာမြို့ခံ လယ်သမားတယောက် ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ကြွက်တွေ ဖျက်ဆီးလို့ သီးနှံတွေ ပျက်စီးတဲ့ သတင်းတွေဟာ အခုမှ ထွက်လာတာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ နှစ်ကတည်းက ချင်းပြည်နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ လောက်မှာ သီးနှံတွေကို ကြွက်တွေ ဖျက်ဆီးခဲ့တဲ့ အတွက် စားနပ်ရိက္ခာ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း ချင်း လူ့အခွင့်အရေး အဖွဲ့တွေက နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။ ချင်းပြည်နယ်အပြင် မွန်နဲ့ ကချင်ပြည်နယ်တွေမှာလည်း အလားတူ စပါးခင်းတွေကို ကြွက်တွေ ဝင်ရောက်ဖျက်ဆီးတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်က စပါးစိုက်ပျိုးတဲ့ ဧက ၁၀၀ လောက်ကို ကြွက်တွေ ဖျက်ဆီးခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တဲ့အကြောင်း လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ် အတွင်းမှာလည်း KIO ကချင်အမျိုးသားအဖွဲ့က ကောက်ခံတဲ့ စာရင်းတွေအရ ပူတာအိုမြို့နယ် အတွင်းက ရွာပေါင်း ၁၆ ရွာက သီးနှံတွေကို ကြွက်တွေ ဖျက်ဆီးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့လက KNG ကချင်သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းအတွင်း ကြွက်နှိမ်နင်းရေး အခြေအနေကတော့ အခုအချိန်အထိ ဓာတုဆေးတွေ မသုံးဘဲ လူအင်အားနဲ့ သုတ်သင်နိုင်အောင် နည်းလမ်းတွေကို သုံးနေတယ်လို့ FAO အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ မကြာခင် စပါး ရိတ်သိမ်း ချိန်မှာ ကြွက်ကောင်ရေ ပိုများလာခဲ့မယ် ဆိုရင်တော့ လိုအပ်မယ့် နည်းလမ်းပေါင်းစုံကို သုံးရလိမ့်မယ်လို့ ပြောပါတယ်။ အစားအစာ မလုံလောက်တဲ့ ရှားပါးမှုတွေ မကြုံရအောင် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG