မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် အယူခံအတွက် ပြင်ဆင်ချက် လျှောက်လဲရေးမှာ ရှေ့နေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ သူ့ရဲ့ တရားရေး ရပိုင်ခွင့်တွေကို မကန့်သတ်ဖို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ၄ဦး ထဲက ၂ ဦးကိုသာ တွေ့ဆုံခွင့် ပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ အကျိုးဆောင် ရှေ့နေလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ဝင်းမမတို့ ဒေါ်ခင်ခင်ဝင်းတို့မှာ ရှေ့နေက ၄ ယောက်ပါ။ ကျနော်တို့ ၂ ယောက်အပြင် ဦးလှမျိုးမြင့်နဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ပါပါတယ်။ ဒါ ဒုတိယအကြိမ်ပါ။ ကျနော်တို့ ရှေ့နေ ၂ ယောက်ပဲ တွေ့ခွင့်ပြုတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဘာဖြစ်လို့ လုပ်တာလဲ၊ ဘာဖြစ်လို့ ဒီလို ကန့်သတ်တာလဲ။
“သူ့အနေနဲ့ ရှေ့နေ ၄ ယောက် ရှိတဲ့အခါမှာ ဒီ ၄ ယောက်စလုံးနဲ့ တွေ့ရင် သူတို့ရဲ့ သီးခြား လွတ်လပ်တဲ့ Legal Opinion တွေ သူ လေ့လာလို့ရတယ်၊ မေးလို့ရတယ်။ အဲတော့ ၂ ယောက်တည်းနဲ့ တွေ့ရင် ၂ ယောက်အတွက်ပဲ ရမယ်။ ဒါ သူ့ရဲ့ ရပိုင်ခွင့်။ ဘာဖြစ်လို့ ကန့်သတ်တာလဲ။ အဲဒီတော့ ဒါ မကန့်သတ်သင့်ဘူး ဆိုတာကို ကျနော်တို့ ရှေ့နေများအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့ ညွှန်ကြားပါတယ်။”
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည်ပြင်ဆင်ဖို့ စီစဉ်နေတဲ့အချိန်မှာ ဗိသုကာနဲ့ ကိုယ်တိုင်တွေ့ဆုံ စကားပြောခွင့် ပေးဖို့လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပါတယ်။ ဒီအကြာင်းကိုလည်း ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က သူ့နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်ရေးကိစ္စကို မေးပါတယ်။ အဲဒီတော့ ကျနော်က ကျနော် သိတာကို ပြောပြပါတယ်။ မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ အားလုံး ပုံစံနဲ့ ဘာနဲ့ တင်ထားတယ်။ သူတို့လည်း လက်ခံထားတယ်။ လက်ခံပြီးတော့ အတည်ပြုချက် ခွင့်ပြုတယ်ဆိုရင် အကြောင်းကြားပါ့မယ်လို့ ပြောတယ်။ အကြောင်းကြားခြင်းတော့ အခုထိ မရှိသေးဘူးပေါ့။ အဲဒါ ပြောပြတယ်။
“အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီအိမ် ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ သူ့စိတ်ကူးပေါ့၊ ဘယ်ဟာကို ဘယ်လိုပြင်ဖို့၊ ဘယ်နေရာကို လုံခြုံရေးအတွက် လုပ်ဖို့ဆိုတာ သူ စိတ်ကူးရှိတယ်။ အဲတော့ သူဟာ ဗိသုကာနဲ့ တကြိမ်တခါမှ မတွေ့ဖူးဘူး။ သူ တွေ့လို့ရှိရင် သူပြောတာကို ဗိသုကာက သူ့ပညာရပ်နဲ့ လုပ်သွားရုံပဲ။ အဲဒါကြောင့် ဗိသုကာနဲ့ တွေ့ဖို့လိုတယ်။
“အခုလိုပဲ ကြားလူပေါ့၊ ကျနော်တို့လို လူမျိုးနဲ့ မှာလိုက်တာ ဘာညာဆိုတာ ကျနော်တို့က ဒီ subject ကို ကျွမ်းကျင်တာ မဟုတ်။ ကျနော်တို့ပြောတာ အဓိပ္ပာယ်တွေက လွဲချင် လွဲနေမှာ။ အဲဒါကြောင့် ဒါ တွေ့ဖို့လိုတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆောင်ရွက်ပေးပါလို့ ကျနော်တို့ ရှေ့နေအဖွဲ့ကို ညွှန်ကြားပါတယ်။”
နေအိမ်အကျယ်ချုပ်နဲ့ ပတ်သက်တဲ့ အယူခံ တရားရုံးချုပ်မှာ ပြင်ဆင်ချက် လျှောက်လဲမယ့် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည် က သူပြန်ဖတ်ချင်သေးတယ်လို့ ပြောတဲ့အတွက် တရားရုံးချုပ်မှာ အယူခံမယ့်ကိစ္စ မပြီးပြတ် သေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ် တွေ့ဆုံခဲ့တာ၊ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့က သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးတာ စတာတွေကြောင့် မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှုတွေ ရှိလာတော့မလားရယ်လို့ စောင့်ကြည့် အကဲခတ် နေကြချိန် မှာပဲ အခုလို ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်အပေါ် ကန့်သတ်တာတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။