သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဖို့ နိုဘဲလ်ဆုရှင်များ တောင်းဆို


မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မကျင်းပခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုတယ်လို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ တိဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးတက်ကောင်းမွန်ခြင်း မရှိဘဲ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့အတွက် ဒီ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ တိဘက်ဒေသတွေမှာ ဒီကနေ့ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြဖို့အတွက် အိန္ဒိယနိုင်ငံက သတင်းထောက်များ အသင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများ အဖွဲ့ဝင်တွေကတော့ အမေရိကန်နိုင်ငံက ဂျိုဒီ ဝီလီယံစ် (Jody Williams) နဲ့ အိုင်ယာလန်နိုင်ငံက မိုင်းရက်ဒ် မဂွိုင်းရား (Maired Maguire) တို့ ဖြစ်ကြပါတယ်။

သူတို့က မြန်မာနိုင်ငံနဲ့ တိဘက်ဒေသတွေမှာ နိုင်ငံရေးအရ လွတ်လပ်မှု မရှိတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မီးမောင်းထိုးပြလိုတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားခဲ့ကြတာပါ။ ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့အတူ သတင်းစာ ရှင်းလင်းပွဲကို ပူးတွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် (WLB) က မသင်းသင်းအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီ Noble Women Initiative က ဦးဆောင်တဲ့လူတွေဖြစ်တဲ့ နိုဘဲလ်ဆုရှင် အမျိုးသမီး ၂ ယောက်က သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကလည်း အခုထက်ထိ ဘာမှ ကောင်းမွန်တိုးတက် ပြောင်းလဲလာတာ မရှိသေးဘူး။ အခု အနှစ် ၂၀ ကျော်ရှိပြီ။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကလည်း ရှိနေဆဲပဲ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဖမ်းခံနေရဆဲပဲ ဖြစ်တယ်။

“အဲဒါကြောင့် အခုလာမယ့် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ နအဖက ကြေညာထားတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်ပေးဖို့ လိုတယ်။ ပြီးတော့မှ တကယ် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ဆိုရင် အဲဒီမတိုင်ခင်မှာ အားလုံးကို ပါဝင်ခွင့်ရှိအောင် ပြုပြင်ပြောင်းလဲရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြန်ပြီး Review လုပ်ဖို့ လိုတယ်ပေါ့။ အဲဒါတွေ သူတို့ပြောသွားတယ်။”

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့အတွက် ပါးစပ်က အပြောချည်း မဟုတ်ဘဲ လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကူညီလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေက ထည့်သွင်း ပြောကြားသွားကြပါတယ်။

“နိုင်ငံတကာ အနေနဲ့လည်း ပါးစပ်ကပဲ ပြောနေတာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက်ကို တကယ်တမ်း ထိရောက်စွာ ကူညီဖို့ လိုတယ်။ အခုလောလောဆယ် အမေရိကန်ကနေပြီး ပေါ်လစီတွေ ပြောင်းပြီးတော့ သူတို့ရဲ့ ချဉ်းကပ်မှုတွေကို ပြောင်းတဲ့နေရာမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ချဉ်းကပ်မှုအရ တကယ်ထိရောက်တဲ့ ပြောင်းလဲမှုကို ဦးတည်သင့်တယ်ပေါ့။ အမေရိကန် အစိုးရရဲ့ ပြောင်းလဲတဲ့ ဥပဒေကလည်း တကယ်တမ်း မြန်မာနိုင်ငံမှာ တိုးတက်တဲ့၊ ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ မဖြစ်မခြင်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားသင့်တယ်ပေါ့။”

WLB မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲ ပူးတွဲကျင်းပတာ ဖြစ်ပြီး ရှေ့နှစ် ၂၀၁၀ ခုနှစ် ဧပြီလအတွင်းမှာလည်း ၂ ဖွဲ့ပေါင်းပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေကြရတဲ့ အမျိုးသမီးတွေအတွက် ခုံရုံးဖွဲ့ ကြားနာမှုတွေ ပြုလုပ်သွားဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့ကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၆ ယောက်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီး ၇ ယောက်အဖွဲ့လို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတာကြောင့် သူတို့နဲ့အတူ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ခြင်း မရှိတာကြောင့် သူတို့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစား လုပ်ဆောင်နေကြတာပါ။

တိဘက် အဝေးရောက်အစိုးရ တည်ထောင်တဲ့ နှစ် ၅၀ မြောက် အထိမ်းအမှတ်အနေနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) က ဒီ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့ကို ဖိတ်ကြားခဲ့တာကြောင့် သူတို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေကြရာက အခုလို ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG