အမေရိကန်နိုင်ငံရဲ့ စီးပွားရေး တနှစ်ကျော် ကျဆင်းခဲ့ရာက ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတို့မှာ ပြန်လည် စတင် တက်လာပါပြီ။ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဒီနှစ်ရဲ့ တတိယ လေးလပတ်မှာ ၃.၅% တက်လာခဲ့တယ်၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းများအရ နိုင်ငံရဲ့ စီးပွားရေးမှာ အတက်ဆုံးအဖြစ် တွေ့ရှိရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အဲဒါက ကြိုဆိုရမယ့် သတင်းကောင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး လျှောက်လှမ်းရမယ့် လမ်းက အဝေးကြီး ကျန်နေသေးကြောင်းလည်း သတိပေး ထောက်ပြသွားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ကောင်းမကောင်းဆိုတာ အဲဒီနိုင်ငံက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်သလား၊ မိသားစုတွေက လစဉ် ပေးဆပ်ရမယ့် အိမ်လခ၊ ရေ၊ မီး စသည်တို့အတွက် အခွန်ပေးဆောင်နိုင်ကြသလား ဆိုတဲ့အပေါ်မှာ မူတည်တယ်၊ ပေးနိုင်မှသာလျှင် စီးပွားရေး တက်တယ်လို့ ဆိုရမှာဖြစ်တယ်လို့ သမ္မတက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ဆက်လက် မြင့်မားနေဦးမယ်၊ ရှေ့နှစ်မှာ ၁၀% ကျော်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင် များစွာတို့က ခန့်မှန်းထားကြပါတယ်။