မြန်မာနိုင်ငံထုတ် အပတ်စဉ်စာစောင်တခုဖြစ်တဲ့ The Voice Journal က သတင်းထောက်တဦးနဲ့ အလွတ်သတင်းထောက် တယောက်အပါအဝင် သတင်းထောက်တချို့နဲ့ လူငယ်တချို့ကို မြန်မာအာဏာပိုင်တွေက ဒီသီတင်းပတ်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေလဲ၊ ဘာအတွက် အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးခဲ့တာလဲ ဆိုတာကို စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
ရန်ကုန်က အပတ်စဉ်ထုတ် The Voice Journal မှ သတင်းထောက် ကိုသန့်ဇင်စိုးနဲ့အတူ သူငယ်ချင်း ၆ ယောက်ကို တနင်္လာနေ့ည သန်းခေါင်အချိန်မှာ မြန်မာအာဏာပိုင်တွေကနေ ကိုသန့်ဇင်စိုး တည်းခိုရာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ယုဇနအိမ်ယာမှာ လာရောက် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကနေ ရရှိတဲ့ သတင်း တွေအရတော့ - လင်းလက်ကြယ် အဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းတာလို့ဆိုပါတယ်။
လင်းလက်ကြယ်အဖွဲ့ဟာ ၂၀၀၈ ခုနှစ် မေလဆန်းက နားဂစ်မုန်တိုင်းအပြီး လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ စွယ်စုံအနုပညာရှင် ဇာဂနာ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တခုဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ထဲမှာ လူငယ် နဲ့ သတင်းထောက်တွေ တော်တော်များများ ပါဝင်တယ်လို့ ဆိုပါတယ်။ အခုအချိန်ထိတော့ ဖမ်းဆီးခံရသူ ကိုသန့်ဇင်စိုးအပါအဝင် ၇ ဦးစလုံးကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေ အနေနဲ့လည်း မသိဘူးဖြစ်နေပါတယ်။ ကိုသန့်ဇင်စိုးရဲ့မိခင် ဟာလည်း ဒီသတင်းကို ကြားပြီးပြီးချင်း သားဖြစ်သူကိစ္စ စုံစမ်းဖု့ိအတွက် သူ့သားတည်းခိုရာရပ်ကွက်က ရ.ဝ.တ ရုံးအထိ ကိုယ်တိုင်သွားပြီး ဒီကနေ့ စုံစမ်းတဲ့အခါမှာ - မေးမြန်းစရာတချို့ရှိလို့ ခေါ်ဆောင်သွားတာသာ ဖြစ်တဲ့အကြောင်း ရ.ဝ.တ ရုံးက ဖြေကြားခဲ့တယ်လို့ ကိုသန့်ဇင်စိုးရဲ့ မိခင်ဖြစ်သူက ဗွီအိုအေ ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ကိုသန့်ဇင်စိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူငယ်ချင်းတချှို့ရဲ့ အမည်တွေကတော့ - ကိုအောင်မြတ်ကျော်သူ၊ ကိုကောင်းမြတ်သူ၊ ကိုဇော်ဝင်းမောင် နဲ့ သူ့ရဲ့ညီလေး ပြီးတော့ ကိုရွှေမိုး တို့ ဖြစ်တယ်လို့ ကိုသန့်ဇင်စိုး မိခင်က ပြောပြပါတယ်။ အခုဆိုရင် သူတို့အားလုံးကို အာဏာပိုင်တွေက ထိန်းသိမ်းထားတာ မှာ ၄ ရက်ရှိသွားပြီဖြစ်ပါတယ်။ အိန္ဒိယအခြေစိုက် အင်တာနက်သတင်းဌာနတခုဖြစ်တဲ့ မဇ္ဈိမသတင်းမှာလည်း - လင်းလက်ကြယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပိုင်စိုးဦး ကို အာဏာပိုင်တွေက ယုဇနအိမ်ယာမှာပဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး သူ့အိမ်ကိုလည်း ရှာဖွေခဲ့ကြောင်း၊ ဒါ့အပြင် လင်းလက်ကြယ်အဖွဲ့ဝင် နာမည်တွေပါတဲ့ မှတ်စုစာအုပ် တအုပ်ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုပိုင်စိုးဦးဟာ Favorite နဲ့ ပြည်မြန်မာ ဂျာနယ်တို့က သတင်းထောက်ဟောင်း တဦးလည်း ဖြစ်ပါတယ်။ လောလောဆယ်အထိ ဖမ်းဆီးခံရသူ ဒီ သတင်းထောက်တွေနဲ့ လူငယ်တွေကို ဘယ်တော့ အာဏာပိုင်တွေက ပြန်လွှတ်ပေးမယ်ဆိုတာကိုလည်း မိသားစု ဝင်တွေရော သူတို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကရော မသိရဘူးလို့ ဆိုပါတယ်။ ပြည်တွင်းက သတင်းထောက်တချို့ရဲ့ ပြောပြချက် အရ အာဏာပိုင်တွေက ဒီရက်ပိုင်းတွေအတွင်း သတင်းထောက်တွေကို အခုလိုမျိုး ဖမ်းဆီးတာတွေ၊ ခေါ်ယူသတိပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို သတင်းထောက်တွေကို ဖမ်းဆီးသတိပေးနေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီ ကနေ မနေ့က ရှုတ်ချတဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ပြန်လွှတ်ပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။