သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ


မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး မရှေးမနှောင်းဆိုသလိုပဲ မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ် ကနေ ဈေးကွက်စီးပွားရေးစနစ်ဆီကို အသွင်ကူးပြောင်းခဲ့ပါတယ်။ စစ်တပ်ကြီးစိုးတဲ့ ဒီ ဈေးကွက်စီးပွားရေးမှာ စစ်တပ်နဲ့ ဖက်စပ်တဲ့ ဦးပိုင်လုပ်ငန်းတွေ၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဆွှေမျိုးညာတိ စီးပွားရေးလုပ်ငန်းကုမ္မဏီကြီးတွေ၊ အပစ်ရပ် ငွေမည်းမှောင်ခိုလုပ်ငန်းကြီးတွေ မှိုလိုပေါက် ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်ထက် ပိုဆိုးတဲ့ အဂတိခြစားမှုတွေကိုလည်း စစ်တပ်ခေါင်းဆောင်ပိုင်းမှာ တွေ့လာရတာမို့ စစ်တပ်ကြီးစိုးတဲ့ လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပိုပြီး သက်ဆိုးရှည်နေရတယ်လို့လည်း ပြောနိုင်ပါတယ်။ စစ်တပ်ကို အသားပေးမယ့် အသစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတိုင်း အကောင်အထည်ပေါ်လာရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့စီးပွားရေး လေ့လာသူတဦးဖြစ်တဲ့ ဦးစိန်ဌေး ကို ဗွီအိုအေ မြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးစိန်ဌေး ။ ။ မဆလခေတ်မှာ တိုင်းပြည်အတွက် ဘတ်ဂျက်ကို ကြည့်လိုက်ပါ။ နိုင်ငံတော် ဘတ်ဂျက်ဟာ အစောပိုင်းမှာ နိုင်ငံတနိုင်ငံမှာ ရှိသင့်ရှိအပ်တဲ့ ဘတ်ဂျက်ရဲ့ allocation ဘတ်ဂျက်ရဲ့ အသုံးစရိတ်တွေဟာ တိုင်းပြည်ဝင်ငွေရဲ့ ဘယ်လောက် ရှိရမယ်၊ ဘယ်ကဏ္ဍတွေအတွက် ဘယ် rational ဘယ်အချိုးအစားဆိုတာတွေနဲ့ စည်းနဲ့ကမ်းနဲ့ သွားခဲ့တယ်။ ၁၉၇၀ ဝန်းကျင်ကပေါ့။ နောက်ပိုင်းကျတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ လူမှုရေး၊ ပညာရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှု ပြန်သုံးစွဲမှုတွေဟာ အချိုးနည်းလာပြီး စစ်တပ်အတွက် အသုံးများလာတယ်။ ဒါဟာဆိုလိုရှိရင် အာဏာတည်ဆောက်ဖို့အတွက် လုပ်လာတယ်။ အဲဒီမှာတင် ဘတ်ဂျက်ဟာ ဘတ်ဂျက် allocation အတိုင်း မသွားတော့ဘူး။ မသွားတော့တဲ့အပြင် ဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဆရာဝန်ဆိုလည်း ဆေးပညာ တတ်တဲ့လူ၊ ကျောင်းဆရာ စာတတ်တဲ့လူ၊ အင်ဂျီနီယာ စသဖြင့်ပေါ့။ အဲဒီလို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ တွေအစား စစ်တပ်ကနေ မိုးကျရွှေကိုယ်လို့ ပြောတဲ့ အသွင်ပြောင်းလာတဲ့ ပုဂ္ဂိုလ်များ။ ဦးနေဝင်း စကားနဲ့ ပြောရင် လူကောင်း လူတော်၊ ကျနော်တို့ အရင်တုန်းကဆိုရင် လူတော်လူကောင်း အဲဒါကို ပြောင်းပြီးတော့ သူရဲ့ ယုံကြည်စိတ်ချရ၊ သူကို သစ္စာခံ ပုဂ္ဂိုလ်များကို ဝန်ကြီးရာထူး ပေးရုံမကတော့ဘဲ ဒီဂျီတွေ၊ အမ်ဒီတွေ ပေးလာတယ်။ အဲဒီမှာတင် ပြဿနာ တတ်လာပြီး အဲဒီ လူတန်းစာတွေ များလာတဲ့အခါမှာ အခုနပြောခဲ့တဲ့ လာဘ်စားမှုက ရှိလာပြီပေါ့။ ဒီဟာကို ဖန်တီးပေးတဲ့ သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခု ဦးစိန်ဌေး ပြောတာက အစိုးရတခုလုံးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပိုင်းမှာ ယိုယွင်းလာခဲ့တဲ့ အခြေအနေပေါ့။ ဒါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ယိုယွင်းလာမှုပေါ့။

ဦးစိန်ဌေး ။ ။ ဒါက မြင်သာတဲ့တချက်ပါ။ အများကြီးရှိတဲ့အထဲမှာ ထူးခြားမှုကို မြင်သာအောင် ထောက်ပြတဲ့ အချက်တချက် အနေနဲ့ ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အခုသိချင်တာက နှိုင်းယှဉ်ချက်တခုအနေနဲ့ ခေါင်းဆောင်တဦးချင်း၊ ခေါင်းဆောင်တွေရဲ့ အာဂတိလိုက်စားမှုအပိုင်းတွေကရော မြန်မာဆိုရှယ်လစ် လမ်းစဉ်ခေတ်ကထက် အခုလက်ရှိ ဈေးကွက်ဖွင့်ကာလ စစ်တပ်ဦးစီးအုပ်ချုပ်တဲ့ကာလမှာ နှိုင်းယှဉ်ချက်အနေနဲ့ ဘယ်လိုမြင်ရပါသလဲ။

ဦးစိန်ဌေး ။ ။ ဟုတ်ကဲ့ခင်များ နှိုင်းယှဉ်ဖို့ဆိုရင် အခုန ကျနော် ပဏာမ ပြောသလိုပေါ့။ မဆလခေတ်မှာ အဲဒီလိုကနေ ဖန်တီးလာတယ်၊ နေရာလေးတွေ ဖန်တီးလာပြီးတော့ ဖြစ်လာတယ်။ အဲဒီခေတ်မှာ လာဘ်စားမှုက နည်းတယ်။ ဦးနေဝင်း တယောက်ပဲ။ ဦးနေဝင်း ကို အမုန်းတရားနဲ့ ပုဂ္ဂိုလ်ရေး ဆွဲ ပြောတာမဟုတ်ဘူး။ ဒီ စနစ်ကြီး ဖန်တီးခဲ့လို့ သူ့ ဦးတည် ပြောရ တာပါ။ အဲဒါ သူက အားလုံးလည်း ကြားကြပါတယ်။ နိုင်ငံတော်ပိုက်ဆံတွေကို နိုင်ငံခြားမှာ ထားတယ်။ သူတယောက်ပဲ ကျန်တဲ့လူတွေက သူ့အရိုးအရင်းပဲ။ သူ့အနေနဲ့လည်း သူတယောက်ထဲပဲ ခံစားပြီး ကျန်တဲ့လူတွေကို ပိတ်ဆို့၊ နည်းနည်း ပါးပါးတော့ ပေးတာပေါ့။ ဥပမာဆိုရင် ပဒုမ္မာတို့လို၊ မေတ္တာမွန်တို့လို ဝန်ကြီးဝန်လေးတွေကို အထူးအခွင့်ရေး ပေးထား တယ်။ နောက်တခုက မော်တော်ကားလေးတွေ 323 တို့ 929 တို့ ပေးထားတာရှိပြီး အိမ်လေးဘာလေး သိပ်မများ ဘူး။ သူတယောက်ကလွဲလို့ သိန်းချီစားတဲ့လူဆိုတာ အတော်နည်းပါတယ်။ လူတွေကလည်း ဒီလောက် အကျင့်မပျက်သေး ဘူး။ အခုခေတ်ကတော့ အားလုံးသိတဲ့အတိုင်းဘဲ ၈၈ အာဏာသိမ်းပြီးတော့ ဘတ်ဂျက်ပြဿနာ စစ်တပ်အတွက် ဘတ်ဂျက်က နိုင်ငံတော်ထဲမှာ မပါဘူး။ ကျနော်တို့ ကြားသလောက် သိသလောက်ဆိုရင် အဲဒီ ဘတ်ဂျက်မှာဆိုရင် သူတို့ တကယ် သုံးစွဲ တာကို ကျနော်တို့ လုံး၀ မသိတော့ဘူး။ ဒါတွေကို သိသာအောင် ထောက်ပြရင် ကျနော်တို့ အားလုံးသိတဲ့ tunnel တွေ ဆောက်တယ်။ လှိုဏ်ဂူတွေဆောက်တယ်၊ မြို့တော်ကြီး ဆောက်တယ်။ ဘယ်လောက်ကုန်မလဲ၊ အဲဒါတွေအတွက် ပိုက်ဆံ မထုတ်ပြန်ဘူး။ အဲဒီတော့ အဲဒီလို လုပ်ငန်းတွေမှာလုပ်တဲ့ ပုဂ္ဂိုလ်များဟာ ကြိုက်သလို စာရင်းပျောက်အင်းပျောက် သုံးလို့ ရတယ်။ ဒါ လာဘ်စားမှုအတိုင်းအတာပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဒါက ဘဏ္ဍာရေးစီမံ ခန့်ခွဲမှု့အပိုင်းကိုပဲ ဦးစိန်ဌေး အနေနဲ့ အသားပေးပြောနေတယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက စစ်တပ်ကို တိုးချဲဖို့အတွက် စစ်တပ်မှာပို့သုံးတယ်၊ စစ်တပ်အတွက် ပိုပြီးတော့ စာရင်းမရှိ အင်းမရှိ သုံးစွဲမှုတွေ ုလုပ်လာတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်တာလို့ နားလည်းပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ် တဦးချင်းအနေနဲ့ အာဂတိ လိုက်စားမှုတွေ ကိုယ့်ရဲ့ ဆွေမျိုးဉာတိ ချမ်းသားအောင်လုပ်လာတဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ရော။

ဦးစိန်ဌေး ။ ။ အရင်တုန်းက မဆလခေတ်က ပိတ်ဆို့တာ တံခါးပိတ်စီးပွားရေးဝါဒပေါ့။ ၈၈ နောက်ပိုင်းတော့ တံခါးဖွင့်ဝါဒ (open door)။ ဒီ open door မှာ အစိုးရ ဝင်ရောက်စွက်ဖက်မှုက အကန့်အသတ်ရှိတယ်။ လုံး၀ မလိုအပ်ဘဲ လုပ်လို့ မရတဲ့ အခါကျတော့ ဈေးကွက်စီးပွားရေး တခါ ပြောင်းလိုက်တယ်။ အဲဒီမှာ ဈေးကွက်စီးပွားရေးအရ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှု တွေ လက်ခံရမယ်၊ ကုမ္မဏီတွေ ဖွဲ့ခွင့်ရှိတဲ့အခါကျတော့ အဲဒီ ဥပဒေအရ အခုန ပြောခဲ့တဲ့ သူတို့ရဲ့ ဆွေမျိုးဉာတိတွေ ပုဂ္ဂလိက တွေအပါအဝင် အဲဒီပုဂ္ဂိုလ်တွေ လမ်းပွင့်သွားတယ်။ လမ်းပွင့်တဲ့အခါ အခုန ခင်ဗျား စောစောက ပြောခဲ့တဲ့ ဦးပိုင် လီမိတက် စစ်တပ်ပိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီး ထူထောင်ပေးလိုက်တာဘဲ။ အပြောကတော့ ကုမ္မဏီသဘော လုပ်လိုက် တာပဲ။ သို့သော် အဲဒါကို အတွင်းကျကျ ပြန်ကြည့်အခါကျတော့ ကျနော်တို့ report တွေရလို့ သေချာစီစစ်တဲ့အခါကျတော့ အဲဒီက ဦးပိုင်လီမိတက်ကြီးက ဘာလဲဆိုရင် အခုနပြောတဲ့ နိုင်ငံတော်ဘတ်ဂျက်ကို စစ်တပ်က တရားဝင် သုံးခွင့်ရအောင် ဈေးကွက်စီးပွားရေးစနစ်မှာ ရှိရမယ့် ဥပဒေနဲ့အညီ သူက ဖွဲ့ခွင့်ရသွားတယ်။ ရတဲ့အခါမှာ အဲဒီ ဘတ်ဂျက်ဟာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံတဲ့ အရင်းအနှီးပေါ့။ Capital က ဘယ်ကသွားလည်းဆိုရင် ပုဂ္ဂိုလ်တဦးချင်းဆီက ယူတာက နည်းနည်း၊ ပုဂ္ဂိုလ် ဆိုတာ ဥပမာ စစ်ပြန်စစ်မှုထမ်းတို့ စစ်သားတဦးချင်းဆီ တိုင်းရင်းဌာနတွေက ယူတာက နည်းနည်းနဲ့ နိုင်ငံတော် ဘတ်ဂျက် ကနေ ထည့်ဝင်ထားတဲ့ ပိုက်ဆံတွေ ဖြစ်တယ်။ အဲဒါ ဘာလဲဆိုရင် အခုန ဘတ်ဂျက်ကနေ စစ်တပ်အတွက် ဦးပိုင် လီမိတက် ကြီး ဖွဲ့ပြီးမှ တိုင်းပြည်ရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် လုပ်ခွင့်ရအောင် ဖန်တီးပေးလိုက်တာဘဲ။ ခေါင်းစဉ်ကတော့ ဈေးကွက်စီးပွားရေးအောက်ကနေပြီး ခွင်ဝင်အောင်ပေါ့ .. ဖြစ်အောင် အဲဒါကို ဖန်တီးပေးလိုက်တယ်။ အဲဒီမှာတင် အခုန ဦးပိုင်လီမိတက်နဲ့ ပေါင်းပြီးတော့ သူတို့ရဲ့ သားသမီးတွေ၊ သူတို့ရဲ့ အကျိုးစီးပွားကို လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်များ crony တွေ က လမ်းပွင့်သွားအောင် လုပ်တဲ့အခါမှာ အဲဒီမှာတင် လာဘ်စားမှု၊ အကျင့်ပျက်မှုလမ်းစကြီးက ပိုပြီးကျယ်ပြီးမှ အခွင့်အလမ်း တွေ ကျယ်သွားအောင် ဖန်တီးလိုက်တာ။ ထိပ်ဆုံးကနေ အောက်ဆုံးအထိ စစ်သားကြီးပဲ၊ အပြင်လူ ဝင်ခွင့်မရှိဘူး။ အခုန ပြောခဲ့တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း စီးပွားရေးလုပ်ချင်ရင်လည်း ဦးပိုင်လီမိတက်ဆီသွားပြီးမှ လက်ခွဲ (အရပ် စကား ပြောရင်) - နိုင်ငံခြားကို export ပဲ လုပ်လုပ် import ပဲ လုပ်လုပ် ဦးပိုင်လီမိတက်က ချုပ်ထားတယ်။ ချုပ်ထားပြီးရင် အဲဒီအထဲမှာ ကျနော်တို့ လုပ်ပိုင်ခွင့်လေး၊ ရပိုင်ခွင့်လေးလုပ်ဖို့ ရဖို့အတွက် မျှစားပြီးမှ ဦးပိုင်လီမိတက်က ပွဲစားကြီးပေါ့။ ကိုယ်ကတော့ လက်ခွဲလေးတွေပေါ့။ အဲဒီလိုဖြစ်လာတဲ့အခါမှာ လာဘ်စားမှု ပမာဏကတော့ အခုမြင်တဲ့အတိုင်း ကွာခြားမှု အနေအထားပါ စနစ် နှစ်ခုရဲ့။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခုလက်ရှိ နိုင်ငံတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်တိုင်အကြောင်း ဆိုရင်လည်း ကျနော်တို့ သိထားတဲ့အကြောင်းပေါ့။ ၁၉၅၈ ခုနှစ်လောက်က ပုသိမ် အနောက်တောင်ပိုင်း တိုင်းမှုးဘ၀ တုန်း က ဆိုရင် သူရဲ့ဇနီးဖြစ်တဲ့ ဒေါ်ကြိုင်ကြိုင်ဟာ အတော်လေးကို ခပ်ရိုးရိုးပဲ ရှိခဲ့တဲ့ အိမ်သူဇနီးတယောက်အနေဘဲ ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီအချိန် တိုင်းမှုးကို လက်အောက်ငယ်သားတွေက ကတော့တဲ့ ပုဆိုး၊ ဖိနပ်၊ စပို့ရှပ်တွေကိုတောင် အဲဒီ အချိန်က ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ကြီးဘစု ဆီကနေတဆင့် တပ်ရင်းမှာရှိတဲ့ အရာရှိငယ်တွေကို ရောင်းချပြီးတော့ ငွေ ရှာခဲ့ရတယ်လို့ဆိုတယ်။ ဒါ လွန်ခဲ့တဲ့ မဆလခေတ်က အခြေအနေပေါ့။ အဲဒီအခြေအနေကနေ အခုအချိန်မှာတော့ လယ်ယာ နဲ့ ဆည်မြောင်းဝန်ကြီးဌာနက အခု အရေးယူခံရတဲ့ ဗိုလ်ချုပ်ညွှန့်တင်ရဲ့ အစစ်ခံချက် (အပြင်ဘက်ကို ပေါက်လာတဲ့)တချို့ အရဆိုရင် ဒေါ်ကြိုင်ကြိုင်ဆီကို အခုဆိုလို့ရှိရင် လက်ဝတ်ရတနာတွေ၊ ငွေသားတွေ သိန်းသန်းချီ ဆက်ကြေးပေးနေရတယ် ဆိုတဲ့ သတင်းမျိုးအထိ ကြားရတယ်ဆိုတော့ ဒီလိုအကြောင်းအရာတွေကို အခုနောက်ပိုင်းမှာ အရေးယူဖို့ အနေအထား တွေက ထွက်မလာဘူးလား။

ဦးစိန်ဌေး ။ ။ ကျနော်ထင်တယ် အဲဒါကတော့ အာဏာရဲ့ ယစ်မူးမှုပေါ့။ အာဏာယစ်မူးမှု ရှိလာတဲ့အခါ အာဏာကို ဖက်တွယ်ဖို့အတွက် ဒေါက်တိုင်တွေကို ဖန်တီးရင်းနဲ့ လောဘကို မထိန်းနိုင်တဲ့အခါ ဒီ ပြဿနာ ဖြစ်လာတာဘဲ။ ကျနော် အဲဒီလိုပဲ ခံစားရတယ်၊ နားလည်တယ်။ အခုန ဦးနေဝင်းလည်း ထောက်ပြပါတယ်။ ဦးနေဝင်းလည်း အာဏာကို မက်မောတဲ့ အခါကျတော့ သူကို သစ္စာခံတဲ့ လူကောင်းတွေ လိုချင်တယ်၊ လူတော်မလိုဘူး။ လူတော်ဆို ဘေးထုတ်၊ လူကောင်း ခ သုံးလုံး သမားခေါ်ပြီးတော့ တည်ဆောက်ခဲ့တယ်။ သူက နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း ရှိတယ်၊ ဗိုလ်သန်းရွှေ နဲ့ ယှဉ်လို့ရှိရင် ဒီလိုပဲ ပြောရမလို ဖြစ်နေပါတယ်။ တော်တာတော့ မဟုတ်ဘူး။ ဆိုးတာ အာဏာမက်တာခြင်း အတူတူ အရမ်းကာရော လုပ်တဲ့လူနဲ့ နည်းနည်း ထိန်းလုပ်တဲ့လူဖြစ်တော့ စနစ်ကို ထိန်းထားတယ်။ အဲဒီနည်းနဲ့ သူက ဖန်တီးခဲ့တယ်။ ဒီပုဂ္ဂိုလ်ကြတော့ အာဏာကို ဖက်တွယ်မှုက စနစ်ကလည်း မတူးဘူး။ တိုင်းပြည်မျက်နာကို မကြည့်ဘဲနဲ့ အရပ်စကားနဲ့ ပြောရင် ခေတ်ပျက်သဌေး လုပ်ချင်တဲ့လူတွေကလည်း ဝိုင်းဖျက်တာပေါ့။ ကိုယ့်အခွင့်အရေးရဖို့ လာဘ်ထိုးတာ များလာတဲ့ အခါ။ အဲဒီလို လာဘ်ထိုးရင်နဲ့ အတောမသတ်နိုင်တော့ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု လောလောဆယ်အားဖြင့်ဆိုရင် မြန်မာနိုင်ငံမှာက နိုင်ငံတော်အုပ်ချုပ်ရေးမှာ စစ်တပ်ကို အသားပေးမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်ကို အတည်ပြုထားပြီးပြီ။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ နောက်ပိုင်းမှာ အစိုးရသစ် စစ်တပ်ရဲ့ သြဇာအာဏာ ပိုပြီးတော့ ရှိလာမယ့် အားပေးမယ့် အစိုးရသစ် ပေါ်လာလိမ့်မယ်။ အဲဒီအခါကျရင် လက်ရှိ စီးပွားရေး အခြေအနေတွေ အနေအထားတွေ ပြောင်းသွားဖို့ အလားအလာ ရှိပါသလား။

ဦးစိန်ဌေး ။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်အတွက် ဘတ်ဂျက်ကို ဘယ်သူမှ ကိုင်တွယ်ခွင့်မရှိဘူး။ ဘတ်ဂျက် ကော်မတီကလည်း လုပ်လို့ မရဘူး။ စစ်တပ်ရဲ့ ဘတ်ဂျက်က လွတ်ကင်းနေတယ်။ ဒါကြောင့် ကျနော် ပြောတာ က အဲဒီအချက်ကို ကြည့်ရင်ပဲ ဒီအတိုင်းဆက်သွားရင် ပိုတောင် ဆိုးမယ့်လမ်းတွေက ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ အမေရိကန်နိုင်ငံမှာကြည့် အခု စီးပွားရေး ပျက်တဲ့အခါမှာ ဘတ်ဂျက်ကို သိပ်အသားပေးရတယ်။ ဘတ်ဂျက် deposit ကို ဖြစ်မှာစိုးလို့ အတိုက်အခံ ငြင်းခုန်နေကြရတယ်။ ပြည်သူတွေအတွက် ပိုက်ဆံတွေဟာ ပိုကောက်တော့မယ်။ ပိုကောက်တဲ့ အခါ ပိုပြီး နစ်နာမယ်။ burden တွေဖြစ်မယ် ၊ ဝန်ထုတ်ဝန်ပိုး ဖြစ်မှာစိုးလို့ ဘတ်ဂျက်ကို ထိန်းတယ်။ တိုင်းပြည် တပြည် အတွက် ဘတ်ဂျက်ဟာ အသက်ဘဲ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘတ်ဂျက်က ကြိုက်တာလုပ်ခွင့် ဥပဒေ အရ ရသွားမှာ။ အခုလည်း လုပ်နေတာပဲ။ ကျနော် အခုန ပြောခဲ့ပြီးပြီ။ အဲလို လုပ်နိုင်ဖို့အတွက် သူတို့ စစ်ဗိုလ်တွေကို ထိပ်ဆုံးက ဗဟိုဘဏ် ဥက္ကဌ၊ ဒု ဥက္ကဌ၊ အားလုံး ဒါရိုက်တာတွေ အထိ၊ အဲဒါတွေက စစ်ဗိုလ်တွေ၊ ဘယ်အရပ်သားက မေးခွန်း မရှိဘူး။ သူတို့လုပ်ချင်တာ လုပ်ဖို့အတွက် create လုပ်ထားတာ။ အခု ၂၀၀၈ ဖြစ်သွားရင်တော့ ဥပဒေအရကို ပြီးသွားပြီ။ သူတို့က ဥပဒေအရ ကိုင်တော့မှာ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုင်းပြည်သာယာဝပြောမှု အခြေအနေတွေက ဦးမော့လာမယ့် အခြေအနေမရှိဘူးဆိုတဲ့ သဘောပေါ့။

ဦးစိန်ဌေး ။ ။ ဒီအတိုင်းတော့ ဘယ်လိုမှ ဦးမော့ မလာနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကို အခုနစကား ပြန်ကောက်မယ် ဆိုရင် ဘောဂဗေဒ စကားနဲ့ ပြောမယ်ဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ဈေးကွက်စီးပွားရေးနဲ့ သွားခဲ့တာ နှစ် ၂၀ ရှိလာ ပါပြီ။ အခုဆို ၂၁ နှစ်တောင် ပြောလို့ရတယ်။ ၂၁ နှစ်အတွင်းမှာ တိုင်းပြည်အတွက် စီးပွားရေး ပေါ်လစီအနေနဲ့ပဲ ကြည့်ကြည့်၊ ရင်းနှီးမြုပ်နှံမှုနဲ့ဘဲကြည့်ကြည့်။ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြုပ်နှံ (ဘတ်ဂျက်) ကိုဘဲ ကြည့်ကြည့် အများပြည်သူတိုင်းပြည်အတွင်းမှာ ရှိနေတဲ့ လယ်ယာကဏ္ဍမှာ ဘယ်လောက်ဦးစားပေးသလဲ။ ပေါ်လစီအရ လုံး၀ ဦးစားမပေးဘူး။ နောက်ပြီးတော့ ကုန်သွယ်ရေးမှာ ကြည့်ပါ။ နေရာတိုင်းမှာ ဘဏ်လုပ်ငန်းကြည့်ကြည့်၊ ပို့ဆောင် ဆက်သွယ်ရေးကြည့်ကြည့် အားလုံး လုပ်ငန်းတွေမှာ စစ်တပ်က လက်ဝါးကြီးအုပ်ထားတယ်။ ပြောချင်တာက သူနဲ့ ပေါင်းစပ် မှ ရတော့မယ်။ ဘောဂဗေဒ စကားနဲ့ ပြောရင် ဗမာပြည်မှာ level plays field မရှိဘူး - သာတူညီမျှ မရှိဘူး။ ဘောလုံးစကား နဲ့ ပြောလို့ရှိရင် အဲဒီ ကွင်းထဲမှာ ဟိုဘက်ဒီဘက် ၁၁ ယောက် ကန်ရတာ မဟုတ်ဘူး။ ဒိုင်းလူကြီး၊ လိုင်းစမင်း ရော ဘောလုံးကောက်ရော အားလုံးက စစ်တပ်သဘောမျိုးနဲ့ ဝင်ရောက်ချယ်လှယ်နေတဲ့အခါ ဒီ ပုံစံအတိုင်း သွားရင် ပိုဆိုးပါ လိမ့်မယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီ စနစ်ပုံစံနဲ့ သွားရင် မရနိုင်ဘူး။ ဈေးကွက်စီးပွားရေးစနစ် ကလည်း so-called မည်ကာမတ္တ ဖြစ်နေတော့ ဈေးကွက်စီးပွားရေးစနစ်ကို ပြန်ပြီး ပီပြင်အောင်လုပ်ဖို့ လိုတယ်။ ဗမာပြည်က သံယံဇာတ ပေါတယ်။ သို့သော်လည်း စနစ်က မှားတော့ လူထုက ဆင်းရဲနေတာ။ သဘာဝဓါတ်ငွေ့တွေ ထုတ်ရောင်းနေတာ ဒေါ်လာ သန်း ၃၀၀၀ လောက် ဝင်နေတယ်။ ဘာလို့ လူထုက ဆင်းရဲသလဲဆိုတာ အခုန ပြောခဲ့တယ်၊ တိုင်းပြည်မှာရှိနေတဲ့ စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မှု mismanagement of economy အဲဒါ မှားလို့ ဒီအတိုင်းသာ သွားရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါပေမဲ့ ပြင်မယ်ဆိုရင်တော့ အချိန်မီပါတယ်။ ဒီသဘောကို ကျနော်တို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG