သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး နိုဝင်ဘာလ ၃ ရက်နေ့ စတင်မည်


မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို ပြန်ပြီး သုံးသပ်ပြီးတဲ့နောက်မှာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံသွားမယ့် ပေါ်လစီအပြောင်းအလဲရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာရှဲလ် (Scot Merciel) တို့ဟာ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သောကြာနေ့က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ဒီလို သွားရောက်တဲ့အခါမှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခွင့်ရရေးဟာ သိပ်အရေးကြီးတယ်လို့ ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက် က အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒမှာ စီးပွားရေးပိတ်ဆို့အရေးယူမှု တွေကို ဆက်လက်ထားရှိမှာ ဖြစ်ပေမဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆက်ဆံမှုတွေ စလုပ်မယ်လို့ မကြာသေးခင်ကမှ အမေရိကန်အစိုးရက ပြောင်းလဲချမှတ်ခဲ့ ပါတယ်။ အခုလို ပြောင်းလဲခဲ့ပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြီးတန်း ကိုယ်စားလှယ်နှစ်ဦးကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ ရောဘတ် ဝု(ဒ်) (Robert Wood) က ပြောပါတယ်။

"အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ချက် ချမှတ်ပြီးတဲ့နောက်မှာပဲ စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာအဖွဲ့ကို ခေါင်းဆောင်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံက အကြီးတန်းအရာရှိအဆင့် ဆွေးနွေး ပြောဆို မှုတွေကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီအခြေအတင် ဆွေးနွေးမှုကို ဆက်ပြီးတော့ကျင်းပနိုင်ဖို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့(တ်) ကမ်ဘဲလ် နဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာရှဲလ် တို့ဟာ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။"

ဒီလို သွားရောက်တဲ့အခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဖို့ရှိတယ်လို့လည်း ပြောပါတယ်။

"သူတို့ဟာ မြန်မာစစ်အစိုးရ အဖွဲ့ အကြီးတန်းအရာရှိတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံအဖွဲ့က အဖွဲ့ဝင်တွေနဲ့ရော၊ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။"

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့(တ်) ကမ်ဘဲလ် ဟာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲကျင့်သုံးမယ်လို့ ပြောကြားလိုက်ပြီး မကြာခင်မှာပဲ မြန်မာသိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း အပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ လယ်မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရှေ့မှောက် မြန်မာနိုင်ငံ ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သိရအောင် ကိုယ်တိုင်သွားရောက်ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲန်အယ်လ်ဒီ ဘက်ကလည်း ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပြီး အစိုးရ ဧည့်ဂေဟာမှာ မိနစ်အနည်းငယ် တွေ့ရ တာမျိုးမဟုတ်ဘဲ အဖွဲ့ချုပ်မှာ အသေအချာ ဆွေးနွေးချင်ကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ မစ္စတာ မာရှဲလ် ကလည်း သောကြာနေ့က ကျင်းပတဲ့ ဂျွန်ဟော့ပ်ကင်းန်စ် (John Hopkins) တက္ကသိုလ်က နိုင်ငံတကာလေ့လာရေးဌာန ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ အသစ်ချမှတ်လိုက်တဲ့မူဝါဒ အောင်မြင်ရေးအတွက် ဒီလို တွေ့ဆုံဆွေးနွေးရေးဟာ အရေးပါတယ်လို့ ပြောပါတယ်။

"ဒီအထဲမှာ အဓိက အရေးကြီးတဲ့အချက်က နှစ်ဖက်အဆင့်မြင့် အရာရှိတွေ စပြီးတွေ့ဆုံ ဆွေးနွေးဖို့ပါ။ ဝါရှင်တန်နဲ့ နေပြည်တော် တွေ့ဆုံဆွေးနွေးရမှာပါ။ အခု ကျနော်တို့ မူဝါဒ ပြန်လည်သုံးသပ်တဲ့အခါမှာ ဒါဟာ အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ပါတယ်။"

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ လုပ်ရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်မှာ မစ္စတာ ကမ်ဘဲလ် သွားရောက် တွေ့ဆုံတဲ့အခါ အမေရိကန်နဲ့ မြန်မာ အဆင့်မြင့် ဆက်သွယ်ရေး ရှိလာမှာကို တရုတ်နိုင်ငံက ကြိုဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ မြင်တွေ့ရတဲ့အချက်အလက် တချို့ထဲမှာ ပထမတချက်ကတော့ တရုတ်နိုင်ငံက သူတို့ရဲ့ နယ်စပ်ဒေသမ မတည်ငြိမ်မှာကို စိုးရိမ်နေတာ တွေ့ရပါတယ်။ ပြီးတော့ ကျနော်တို့နဲ့ မြန်မာအစိုးရ ပြောဆို ဆက်ဆံမှာကို ကြိုဆိုပါတယ်။ ဒါကြောင့် ကျနော်တို့ အမြဲတမ်း ပြောခဲ့သလို လူတိုင်းကလည်း မြင်ချင်ကြတာကတော့ ခုထက်ပိုပြီး တိုးတက်ကောင်းမွန် လာတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ပါပဲ။"

အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ အာဆီယံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းဖြစ်တဲ့ စကော့မာရှဲလ် ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG