မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်ပြောင်းလဲလာအောင် နိုင်ငံတကာအနေနဲ့ ဘယ်လိုမတူတဲ့ နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဆောင်ရွက်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး မနေ့က သောကြာနေ့က အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းန်စ် (John Hopkins) တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေး ဌာနမှာ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ နော်ရှိုးက တင်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့အတွက် တခြား ဘယ်လို ထိရောက်နိုင်မယ့် နည်းလမ်းသစ်တွေ ကြံစည်ဆောင်ရွက် နိုင်မလဲ၊ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဂျွန်ဟော့ပ်ကင်းန်စ် တက္ကသိုလ်မှာ နေ့ဝက်လောက် ဆွေးနွေးပွဲ ပြုလုပ်ရာမှာ၊ ပထမဦးဆုံးအနေနဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လို လိမ္မာပါးနပ်တဲ့မူမျိုးကို ကျင့်သုံးမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်အစိုးရရဲ့ အရှေ့တောင်အာရှရေးရာ အထူးသံတမန် စကော့မာရှဲလ် (Scot Merciel) ကတော့ ဆွေးနွေးပွဲမှာ အခုလို ပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကတော့ အရင်အတိုင်းပဲ မပြောင်းပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်လာတာကို မြင်ချင်တယ်။ လူ့အခွင့်အရေးနဲ့ စီမံအုပ်ချုပ်မှု ကောင်းမွန်လာတာတွေကို မြင်ချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မူဝါဒရေးရာ ပြန်လည်သုံးသပ်ရာမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ရလဒ်တွေ ရရှိဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ ဘာတွေ ပိုလုပ်သင့်သလဲ၊ ဘာတွေ လျှော့လုပ်သင့်သလဲ။ ဘယ်လို အပြောင်းအလဲ လုပ်သင့်သလဲ ဆိုတာတွေကို ပြန်လည်သုံးသပ်တာပါ။"
မြန်မာပြည်တွင်း အစိုးရမဟုတ်တဲ့ အဲန်ဂျီအို တခုကနေ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဦးခင်ဇော်ဝင်း ကတော့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူကို ပြန်လည်သုံးသပ်တဲ့အခါမှာ ထည့်သွင်းစဉ်းစားဖို့ အဓိကကျတဲ့ အချက် ၅ ချက်နဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ဆွေးနွေးတင်ပြခဲ့ပါတယ်။
"နံပါတ် (၁) ကတော့ အရင်ပြီးခဲ့တဲ့နှစ်ကာလမှာ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ အဲဒီက အမှားတွေပေါ့နော်၊ အဲဒီသင်ခန်းစာကို သိထားဖို့လိုတယ်။ နံပါတ် (၂) ကတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့၊ ပြောရရင် inclusive ပေါ့လေ၊ plural ဖြစ်ဖို့လည်း လိုတယ်လို့ ထင်ပါတယ်။ နံပါတ် (၃) က အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ အမြင်တွေ ဆန္ဒတွေကို ထည့်သွင်းပြီးတော့ စဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်။ နောက်တခုကတော့ လူသားချင်းစာနာတဲ့ အကူအညီတွေပေါ့ဗျာ၊ မြန်မာပြည်မှာက ဒီကိစ္စတွေက လူတွေက စားဝတ်နေရေး အခြေအနေတွေက တော်တော်လေးကို ကျပ်တည်းနေကြတယ်။ အဲဒီဟာကိုလည်း အလေးအနက် ထည့်ပြီးတော့ စဉ်းစားဖို့ လိုပါတယ်။ နောက်တခုက ပြောမယ်ဆိုလို့ရှိရင် နိုင်ငံရေးပေါ့နော်၊ ဒီမိုကရေစီ အဆောက်အဦတွေက မြန်မာနိုင်ငံမှာ မရှိတာက နှစ်ပေါင်းများစွာ ရှိပြီ။ ဆိုတော့ လူပုဂ္ဂိုလ်တွေထက် institution တွေကို ပြန်ပြီးတော့ ထူထောင်ဖို့ အလေးပေးဖို့လိုတယ်လို့လည်း ထင်ပါတယ်။"
တဆက်တည်းမှာပဲ ဗြိတိန်နိုင်ငံ London School of Economics မှာ မြန်မာနိုင်ငံ အကြောင်း သုတေသန လုပ်နေတဲ့ ဒေါက်တာ ဇာနည် ကလည်း အမေရိကန် အနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်တဲ့ မူတခုတည်း ကျင့်သုံးလာရာကနေ အခုနောက်ဆုံး ထိတွေ့ဆက်ဆံတဲ့နည်းကိုပါ အသုံးပြုလာတဲ့အခါမှာ မြန်မာ့အိမ်နီးချင်းတွေ ထိတွေ့ဆက်ဆံတဲ့နည်းအတိုင်းပဲ လိုက်မလုပ်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
"တရုတ်တို့ အာဆီယံတို့ လုပ်တာက မြန်မာပြည် ကောင်းတာမကောင်းတာက ဒုတိယ၊ သူတို့အမြတ်ထွက်ဖို့ပဲကိုး။ ဒီဘက်က အမေရိကန်နဲ့ ဥရောပက သွားပြီးတော့ လုပ်ဖို့ ဆိုတာက မြန်မာပြည်သူတွေ အနေနဲ့ ပိုပြီးတော့ကောင်းတဲ့ ဒီမိုကရေစီ အစိုးရ ဆိုတာလည်း ပါတယ်။ နောက်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေး အဆင်ပြေဖို့ ဆိုတာလည်း ပါတယ်။ သူတို့အကျိုးအတွက်လည်း ပါတယ်။ အဲဒီတော့ အဓိကက အဲဒီဟာ ကွာတာပေါ့။"
ဆက်လက်ပြီး မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တရုတ်အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက CICIR လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ မျက်မှောက် နိုင်ငံတကာ ဆက်ဆံရေး လေ့လာရေးအဖွဲ့က မြန်မာ့အရေး အထူးလေ့လာလိုက်စားသူ ဒေါက်တာ ဇိုင်ခွန် (Zhai Kun) ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။
"မြန်မာနဲ့ ဆက်ဆံရာမှာ တရုတ်က နှစ်နိုင်ငံ ဆက်ဆံရေးအပြင် မြန်မာ-အာဆီယံ ဆက်ဆံရေးကိုလည်း ကြည့်တယ်။ မြန်မာ-အိန္ဒိယ၊ မြန်မာ-အမေရိကန်၊ နောက်ဆုံး မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေးကိုလည်း ကြည့်ပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ သင့်လျော်သလို ဆောင်ရွက်ရတာပါ။ တခါတလေ တရုတ်က ဦးဆောင်ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံပေါင်းစုံ ဆွေးနွေးပွဲကို စတင်ဖို့ လူတွေက မျှော်လင့်နေကြပါတယ်။ တရုတ်ကတော့ အာဆီယံရဲ့ ဦးဆောင်မှုကို လေးစားပါတယ်။ မြန်မာ့အရေးမှာ တရုတ်က သိပ်ပြီးတော့ တက်တက်ကြွကြွ မရှိရတာကလည်း အာဆီယံကိုပဲ ဦးဆောင်စေချင်လို့ပါ။"
တဆက်တည်းမှာပဲ အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် အငြိမ်းစား ဗိုလ်မှူးချုပ် ဂါမိ ခန်ဝဲ (Gurmeet Kanwal) ကလည်း အိန္ဒိယအစိုးရ ရဲ့ သဘောထားနဲ့ပတ်သက်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့နေရာမှာ ကျနော်တို့အနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြင်လိုတဲ့ဆန္ဒနဲ့ အိန္ဒိယရဲ့ မဟာဗျူဟာ လိုအပ်ချက်တွေအကြား မျှမျှတတ ချင့်ချိန်ရပါတယ်။ နိုင်ငံရေးမှာ လက်တွေ့ကျကျတော့ စဉ်းစားဖို့ လိုပါတယ်။ အိန္ဒိယအနေနဲ့ သိက္ခာထိန်းသိမ်းတဲ့ အနေအထားကနေ လုပ်ဆောင်လေ့ ရှိတဲ့အခါ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲ အနေနဲ့ အခု အိန္ဒိယအစိုးရရဲ့ မျှမျှတတ ချဉ်းကပ်ပုံကို ကျနော်တော့ ကျေနပ်ပါတယ်။"
အခုလို အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကို ကြားခဲ့ရပေမယ့် အာဆီယံ-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ သိပ် မဆွေးနွေးဖြစ်ခဲ့ပါဘူး။ ဒါကလည်း အချိန် သိပ်မရတာကြောင့်ရယ်၊ အာဆီယံ နိုင်ငံတွေက တင်ပြဆွေးနွေးမယ့်သူ မပါဝင်လို့လည်း ဖြစ်နိုင်ပါတယ်။ အစည်းအဝေး အပိတ်မှာတော့ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရေး အပါအဝင် လူမှုရေး အခြေအနေတွေကိုလည်း အကျယ်တဝင့် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။