သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည်


မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် အကြီးတန်း အရာရှိ ၂ ဦးနဲ့ ထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဖို့အတွက် လာရောက် အကြောင်းကြားထားသလို တွေ့ဆုံဖို့ ပြင်ဆင်မှု တွေလည်း လုပ်နေပြီလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူက ပြောပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ စကော့ မာရှဲလ် (Scot Marciel) တို့ ဒီလ နိုဝင်ဘာ ၃ ရက် နဲ့ ၄ ရက် တို့မှာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရောဘတ် ရု(ဒ်) (Robert Wood) ကတော့ အမေရိကန် အရာရှိ ၂ ဦးဟာ အစိုးရ တာဝန်ရှိသူ တွေ နဲ့ သာမက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေလည်းဖြစ်၊ သူ့ရဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ပါတီနဲ့ တွေ့ဆုံဖို့ စီစဉ်နေ ကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တို့ကတော့ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေး နေကြတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ ပတ် အတွင်းမှာကိုပဲ စာနယ်ဇင်းသမား ၁၀ ဦး အပါအဝင် အတိုက်အခံ တက်ကြွလှုပ်ရှားသူ တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG