သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရာရှိတွေနဲ့ တိုင်းရင်းသား ပါတီတွေ ဖွဲ့စည်းပုံအရေး ဆွေးနွေးမည်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ ဖွဲ့စည်းပုံကိစ္စကို အလေးပေး ဆွေးနွေးသွားမယ်လို့ ဖျက်သိမ်းခံ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အမေရိကန်နဲ့ ဆွေးနွေးတဲ့နေရာမှာ နိုင်ငံရေး ပြောင်းလဲမှုထက် မြန်မာနိုင်ငံပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေးကို ပိုပြီး အလေးပေးနေတာ တွေ့ရတယ်လို့လည်း သူကပြောပါတယ်။ အကြောင်းစုံကို ဒေါ်မေငြိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို မနက်ဖြန် အင်္ဂါနေ့မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ အဆင့်မြင့် အရာရှိတွေ လာရောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ စစ်အစိုးရနဲ့ရော အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လည်း တွေ့မယ်လို့ သိရပါတယ်။

ဒါကြောင့် အမေရိကန် အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်တဲ့အပေါ် ဘယ်လောက် မျှော်လင့်ထားပါသလဲလို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကို မေးမြန်းတဲ့အခါ ဦးအေးသာအောင်က အခုလို စပြောပါတယ်။

“ယေဘုယျ အနေနဲ့တော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ့် ဖြစ်ပေါ်တိုးတက်မှုတရပ် အနေနဲ့ကတော့ ပြည်တွင်းမှာ ဒီလို တွေ့ဆုံဆွေးနွေးရာကနေ တဆင့် NLD အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ လက်ရှိ နအဖ အာဏာပိုင်များက တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက် ပိုပြီးတော့ ကောင်းမှာပါ။

“ဒါပေမဲ့ အခုအခြေအနေမှာ မြင်နေရတာကတော့ နအဖ အာဏာပိုင်များက အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး၊ ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းရေးဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်ပြီး ဆွေးနွေးနေတာကို မြင်ရတော့ တကယ့်တကယ်မှာ ပြည်တွင်းမှာရှိတဲ့ NLD အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ မဆွေးနွေးဘူးဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်မှာ ရွေးကောက်ပွဲ မတိုင်ခင်သော် လည်းကောင်း၊ ရွေးကောက်ပွဲ အပြီးမှာသော် လည်းကောင်း တိုးတက်နိုင်မယ့် အခြေအနေမျိုး တွေ့နိုင်မှာ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ဒီလိုပဲ သုံးသပ်ပါတယ်။”

ဒါပေမဲ့ အခုလာကြတဲ့ ကိစ္စမှာ NLD ဘက်ကလည်း နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ပြောမယ်ဆိုရင်ရော အခြေအနေက ဘယ်လိုရှိလာနိုင်ပါသလဲ။

“NLD ဘက်က ညှိနှိုင်းမှုတွေ လုပ်ရုံနဲ့ မပြီးဘူး၊ လက်ရှိ အစိုးရ အာဏာပိုင်များက ဆွေးနွေးဖို့၊ အပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့ သဘောထားတွေ ရှိဖို့ လိုပါတယ်။ အခုအခြေအနေအရ အဲဒီလို အပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့ အစိုးရဘက်က သွားနေတဲ့ လမ်းကြောင်းတွေကို ပြုပြင်မယ့် အနေအထားတွေ မတွေ့ရပါဘူး။”

ဒါပေမဲ့ ဒီခရီးစဉ်မှာ အမေရိကန် အရာရှိတွေဘက်ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တစုံတခု သူတို့ လုပ်ပေးနိုင်လိမ့်မယ်လို့ ရည်ရွယ်ခဲ့ကြတာမျိုး ရှိပါတယ်။ အဲဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘယ်လိုယူဆပါသလဲ။

“အမေရိကန်ဘက်က ဘယ်လောက်ပဲ လုပ်ပေးချင်တဲ့ ဆန္ဒတွေ ရှိရှိ၊ လက်ရှိအစိုးရရဲ့ နိုင်ငံရေးဆန္ဒပေါ့၊ နိုင်ငံရေး သဘောထား၊ အဲဒါတွေကို မပြုပြင် မပြောင်းလဲဘဲနဲ့တော့ အမေရိကန်ရဲ့ တချို့ဆောင်ရွက်မှုတွေဟာ အရာထင်လိမ့်မယ်၊ ပြီးတော့ NLD ဘက်က အပြုသဘော လိုက်လျောမှုတွေက အရာထင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မထင်ပါဘူး။”

ဒီ အမေရိကန် အရာရှိတွေက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့မယ်လို့ ဆိုပါတယ်။ အဲဒီအခါကျရင်ရော တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဆွေးနွေးနိုင်မလဲ။

“ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းများ ဘက်ကတော့ အထူးသဖြင့် တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် ဒီမိုကရေစီ အခြေခံတွေ၊ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုပါတယ်။ အဲဒါကို မပြင်ဘဲနဲ့တော့ တိုင်းရင်းသားတွေဘက်က လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ပြောနေတဲ့၊ ကြိုးပမ်းနေတဲ့ နယ်စပ်ဒေသ အရေးတွေဟာ အနာဂတ်မှာ အောင်မြင်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ မမြင်ဘူး။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ အဖွဲ့ဟာ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပြီး စစ်အစိုးရနဲ့ရော၊ အတိုက်အခံ ပါတီတွေနဲ့ပါ တွေ့ဆုံတဲ့ကိစ္စမှာ အရင်က နိုင်ငံတကာက လာရောက် တွေ့ဆုံခဲ့ သမျှမှာ စစ်အစိုးရဘက်က ဦးဆောင် စီစဉ်တာသာဖြစ်ပြီး အခု အမေရိကန် အဆင့်မြင့်အရာရှိတွေ လာရောက်တဲ့ ခရီးစဉ်မှာတော့ စစ်အစိုးရရဲ့ အစီအစဉ်နဲ့ မဟုတ်ဘဲ အမေရိကန် သံရုံးရဲ့ အစီအစဉ်နဲ့ တွေ့ဆုံမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG