သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုတ်အအေးမိရောဂါ တိုက်ဖျက်ရေးနေ့ ပထမဆုံးအကြိမ် သတ်မှတ်


၂၀၁၅ ခုနှစ် မတိုင်ခင်မှာ ကလေးပေါင်း ၅,၀၀၀,၀၀၀ ကျော်ရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် အစီအစဉ်တခုနဲ့အတူ ကုလသမဂ္ဂနဲ့ ကျန်းမာရေးအဖွဲ့တွေက ဒီနေ့ကို ကမ္ဘာတဝန်း အဆုတ်အအေးမိရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ပထမဆုံး သတ်မှတ် ကျင်းပနေကြပါတယ်။

အဆုတ်အအေးမိ ရောဂါကြောင့် ၅ စက္ကန့်မှာ ကလေးတယောက် သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (UNICEF) တို့က ပြောပါတယ်။ ဒီအရေအတွက်ဟာ ဝက်သက်၊ ငှက်ဖျားနဲ့ AIDS ရောဂါသုံးမျိုးပေါင်းကြောင့် သေဆုံးကြတဲ့ ကလေးအရေအတွက်ထက် များတယ်လို့ ဆိုပါတယ်။

အဆုတ်အအေးမိ ရောဂါကြောင့် သေဆုံးကြတဲ့ ကလေးတွေရဲ့ ၉၈% က တောင်အာရှနဲ့ အာဖရိကတိုက် တောင်ပိုင်း နိုင်ငံတွေက ဖြစ်ကြပါတယ်။ ဒီရောဂါဟာ ကြိုတင်ကာကွယ်နိုင်သလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါဖြစ်ပေမဲ့လို့ အာရုံစိုက်ခံရမှု တော်တော်လေး နည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ကလေးတွေရဲ့ သဘာဝ ကိုယ်ခံအား ကောင်းစေဖို့ အဓိကအချက်က မိခင်နို့ရည် တိုက်ကျွေးတာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့် အကြံပေး အန်း ဂိုလပ်စ် (Ann Golas) က ပြောပါတယ်။

အဆုတ်အအေးမိရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေမှာ သန့်ရှင်းမှုကို ဂရုစိုက်တာအပြင် ကာကွယ်ဆေးထိုးပြီး လိုအပ်တဲ့ ပဋိဇီဝဆေးတွေ တိုက်ကျွေးကာ ကုသမှုပေးရေးကို အာရုံစိုက် ဆက်လုပ်သွားသင့်တယ်လို့ ကျန်းမာရေးအဖွဲ့တွေက ပြောပါတယ်။

လူတွေ ပိုအသိများ လိုက်နာလာစေဖို့ အခုကစပြီး ၂၀၁၅ ခုနှစ်အထိ လုပ်မယ့် ဒီအစီအစဉ်တွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၃၉ ဘီလီယံ ရရှိဖို့ကိုလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနဲ့ UNICEF အဖွဲ့တွေက ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG