မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံသွားမယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒ အကောင်အထည်ဖော်ရေး ကနဦးအဆင့် အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အဆင့်မြင့် သံတမန်တွေဟာ အခု မြန်မာစစ်အစိုးရ အာဏာပိုင်တွေနဲ့ နေပြည်တော်မှာ စတင်တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ မနက်ဖြန်မှာ စစ်အစိုးရ အဆင့်မြင့် အရာရှိတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနဲ့ တိုင်းရင်းသားအဖွဲ့ တချို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အမေရိကန်၊ မြန်မာ အဆင့်မြင့်အရာရှိတွေ တိုက်ရိုက် ဆက်ဆံမှုကနေ ထွက်လာမယ့် ရလဒ်ကတော့ မြန်မာအစိုးရရဲ့ ရှေ့ဆက် ဆောင်ရွက်ချက်တွေ အပေါ်မှာ တည်လိမ့်မယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
၁၀ နှစ်ကျော်ကြာမှ ပထမဆုံးအနေနဲ့ နေပြည်တော်မှာ ဒီကနေ့ အမေရိကန်နဲ့ မြန်မာ အဆင့်မြင့်ခေါင်းဆောင်တွေ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အခုခရီးစဉ်ဟာ နိုင်ငံတကာနဲ့ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေတဲ့ မြန်မာစစ်အစိုးရနဲ့ အမေရိကန် ပြည်ထောင်စု ပြန်ပြီး ဆက်ဆံကြတဲ့ အဓိက ခြေလှမ်းလို့ ပြောရမှာပါ။
ဒီကနေ့မှာတော့ မစ္စတာကမ်းဘဲလ် (Kurt Campbell) နဲ့ အဖွဲ့ဟာ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး၊ တရားသူကြီးချုပ် ဦအောင်တိုး စတဲ့ ဝန်ကြီးအဆင့်တွေနဲ့ ဒီကနေ့ နေပြည်တော် ရောက်ရောက်ခြင်း သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြန်ကြားရေးတာဝန်ခံ ရစ်ချက်မေးလ်က ဗွီအိုအေကို ပြောပါတယ်။
မနက်ဖြန် မနက်ပိုင်းမှာတော့ မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့မယ်လို့ ဆိုပေမဲ့ ဘယ်သူဘယ်ဝါရယ်လို့ မပြောပါဘူး။ လေ့လာသူတွေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစား စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူလို့ ဆိုထားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဆောင်တဲ့ အဆင့်မြင့် အာဏာပိုင်အဖွဲ့နဲ့ တွေ့မယ်လို့ ယူဆကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နဲ့ ဒု- လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) ဦးဆောင်တဲ့ လေးဦးပါ သံတမန်အဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်တွေအပြင် နေအိမ်အကျယ်ချုပ်နဲ့ အထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အင်းလျားလိပ်ဟိုတယ်မှာ မနက်ဖြန် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန် ဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်တွေကိုတော့ မစ္စတာကမ်းဘဲလ်နဲ့ အဖွဲ့ဟာ မနက်ဖြန် မွန်းလွဲ ၂ နာရီလောက်မှာ အဖွဲ့ချုပ်ရုံးမှာပဲ တွေ့ဖို့ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မနက်ဖြန် တွေ့ဆုံဖြစ်တဲ့အခါ ဘာတွေ ဆွေးနွေးဖြစ်မလဲ ဆိုတာကိုတော့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ တွေ့ဆုံခွင့် ရမယ်ဆိုရင်တော့ CEC အကုန်လုံးနဲ့ တွေ့ဖို့ကိုပဲ လိုလားပါတယ်။ အဖွဲ့ချုပ်ရုံး ဌာနချုပ်မှာ လာပြီးတော့ တွေ့ဆုံမယ်ဆိုတော့ ကျနော်တို့က လက်ခံတွေ့ဆုံရမယ့်တာဝန် ရှိပါတယ်။ ဧည့်သည်ကို လက်ခံဖို့ အိမ်ရှင်အနေနဲ့လည်း တာဝန်ရှိပါတယ်။”
အန်ကယ်တို့ မနက်ဖြန် မစ္စတာ ကာ့တ် ကမ်းဘဲလ်နဲ့ တွေ့တဲ့အခါ အဓိက ဘယ်အချက်တွေကို ဆွေးနွေးဖို့ရှိလဲ ခင်ဗျ။
“အဓိက နံပါတ်တစ်ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်တွေကို ကျနော်တို့က ဦးစွာ ရှင်းပြမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ လက်ရှိကိုင်စွဲထားတဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး သဘောထားတွေ ဖြစ်တာကြောင့် ရွှေဂုံတိုင် ကြေညာစာတမ်းကို တင်ပြ ရှင်းလင်းမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အခြေခံဥပဒေကို ဒီမိုကရေစီကို သွားနိုင်မယ့် အနေအထားတွေ ဖြစ်ပေါ်လာအောင် ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာကို ဖြေကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။”
အန်ကယ် ဦးခင်မောင်ဆွေ တယောက်တည်း အမြင်နဲ့ပေါ့၊ အခု မစ္စတာ ကာ့တ် ကမ်းဘဲလ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရလဒ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲခင်ဗျ။
“ကျနော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကာ့တ် ကမ်းဘဲလ်နဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ဘယ်လောက်အထိ သူတို့ သဘောတူညီချက် ရရှိခြင်း၊ မရရှိခြင်း အပေါ်မှာသာ သုံးသပ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က အခုနေ သိပ်ပြီး အကောင်းမြင်လို့ မရသလို၊ အဆိုးမြင် သဘောထားတွေကို တင်ပြလို့လည်း မရပါဘူး။ သဘောကတော့ အမေရိကန် အစိုးရအနေနဲ့ အခုလို လာရောက်ပြီးတော့ အာဏာပိုင်တွေနဲ့ ဆက်သွယ်ကြိုးပမ်းခြင်းကိုတော့ ကျနော်တို့က ကြိုဆိုရမှာ ဖြစ်ပါတယ်။”
လူ့အခွင့်အရေး အဖွဲ့တွေကတော့ အခုလို နိုင်ငံတကာရဲ့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံလာကြတဲ့ နောက်အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ လိုမယ်လို့ ပြောနေကြပါတယ်။ ဆူနိုင်း ဖာစုခ် (Sunai Pasuk) ဟာ Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရုံနဲ့ မလုံလောက်သေးဘူး ဆိုတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ရှင်းရှင်းလင်းလင်း ပြသဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးမယ်ဆိုတဲ့ မြန်မာအစိုးရဘက်က အာမခံချက်ရဖို့ လိုအပ်ပါတယ်။ ဒီကိစ္စကို အပေးအယူလုပ်လို့ မရပါဘူး။ ပြင်းပြင်းထန်ထန် အကြိမ်ကြိမ် ပြောဆိုသင့်ပါတယ်။” လို့ ဆူနိုင်း ဖာစုခ်ကပြောသွားပါတယ်။
နိုင်ငံရေး အပြောင်းအလဲတွေ တကယ်ဖြစ်လာဖို့နဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ဒီထက်ပိုပြီး တိုးတက်လာဖို့ကတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ သဘောထားတွေ အပေါ်မှာ တည်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြန်မာနိုင်ငံကို အပြုသဘော တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး နိုင်ငံရေးအရ ပြောင်းလဲအောင် ကြိုးစားမယ်ဆိုတာ အရင်ကတည်းက အာဆီယံက ကြိုးစားလုံးပန်းခဲ့တာပါ။ ဒါပေမဲ့ အာဆီယံအနေနဲ့ အပြောထက် လက်တွေ့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။
လာမယ့်လ အာဆီယံနဲ့ အမေရိကန် အစည်းအဝေးမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ကြတဲ့အခါ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း ဆွေးနွေးလိမ့်မယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အဲဒီမှာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အခု အမေရိကန် ပေါ်လစီ အသစ်ကတော့ တိုက်ရိုက်ထိတွေ့ ဆက်ဆံတာအပြင် တဘက်မှာ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ဆက်ထိန်းထားဦးမှာ ဖြစ်ပါတယ်။ ဒီ ဒဏ်ခတ်မှုတွေကို မြန်မာအစိုးရဘက်က တုံ့ပြန်ချက်၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေပေါ်မှာ တည်ပြီး တဆင့်ပြီးတဆင့် လျှော့ချသွားမယ်လို့ အမေရိကန် တာဝန်ရှိသူတွေကတော့ ပြောထားပါတယ်။