အာဖဂန်နစ္စတန်နိုင်ငံမှာ အသစ်ထပ်မံ ရွေးချယ်ခံရတဲ့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က သူ့အစိုးရအဖွဲ့ဟာ အာဖဂန် အသိုင်းအဝိုင်း တခုလုံးကို ထင်ဟပ်စေမယ့် အာဖဂန်နစ္စတန်နိုင်ငံရဲ့ မှန်တချပ်ကဲ့သို့သော အစိုးရတရပ် ဖြစ်စေဖို့ ကတိပြုသွားပါတယ်။
ရွေးကောက်ပွဲရဲ့ အောင်နိုင်သူ အစစ်ဟာ လူတဦးတယောက်တည်း မဟုတ်ပါဘူး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ အာဖဂန်နစ္စတန် ပြည်သူတွေ အကုန်ပဲ ဖြစ်ပါတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့တဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ သမ္မတ ခါဇိုင်း ပြောသွားပါတယ်။
အာဖဂန် အစိုးရအဖွဲ့မှာတော့ သူ့အဆို စွန်းထင်နေတဲ့ အဂတိ လိုက်စားမှုတွေကို ဖြေဖျောက်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ မပါဝင်တော့ဘူး ဆိုပြီးတော့ ပြိုင်ဘက် သမ္မတလောင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) နှုတ်ထွက်သွားပြီး နောက်တရက်မှာပဲ မစ္စတာ ခါဇိုင်းကို အောင်နိုင်သူအဖြစ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တာ ဖြစ်ပါတယ်။