ဗီယက်နမ်နိုင်ငံ ကမ်းခြေကို မရီနေး (Marinae) အပူပိုင်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့အတွက် လူ ၂၀ ကျော် သေဆုံးပြီး သေဆုံးသူ အရေအတွက် မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဗီယက်နမ် သဘာ၀ ဘေးအန္တရာယ် တုံ့ပြန်ရေး အရာရှိတွေက ပြောပါတယ်။
တောင်အလယ်ပိုင်းဒေသဖြစ်တဲ့ ဖူယန်းပြည်နယ်နဲ့ ဘေးက ဗင်ဒင်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လူတွေ အများအပြား သေဆုံးခဲ့ရတယ်လို့ အဲဒီအရာရှိတွေက ဆိုပါတယ်။
မုန်တိုင်းက နောက်ပိုင်းမှာ အားပျော့ပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်း အဖြစ်နဲ့ ကမ္ဘောဒီးယား ကုန်းတွင်းပိုင်းကို ရွှေ့လျားသွားပါတယ်။ အဲဒီမှာတော့ သစ်ပင်ပြိုကျပြီး အိမ်ပေါ်ပိမိလို့ အမေနဲ့ သမီး သေဆုံးသွားရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖုန်းမုန်တိုင်းအဖြစ်နဲ့ သောကြာနေ့မှာ ဝင်ရောက်ခဲ့လို့ မုန်တိုင်းဒဏ် အလူးအလဲ ခံခဲ့ရပါတယ်။ အဲဒီမှာတော့ လူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။ သစ်ပင်တွေ လဲပြို၊ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ပြီး လူဇုန်ကျွန်းအနှံ့ ရေလွှမ်းမိုးခဲ့ပါတယ်။