မြန်မာ့အရေး မူဝါဒ ပြန်လည်သုံးသပ်ခဲ့တဲ့နောက် တိုက်ရိုက်ဆက်ဆံမယ်လို့ ကြေညာခဲ့ပြီး ပဏာမ ကြိုးပမ်းမှုတရပ် အနေနဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ အာဆီယံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီးလည်းဖြစ်၊ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့ဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာခရီး ရောက်ရှိနေပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
အမေရိကန် သံတမန်ကြီး ၂ ဦးဟာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ (Ian Kelly) က မနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။
“အခြေခံအားဖြင့်တော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အချက်အလက်တွေ စုစည်းဖို့ မြန်မာပြည်ကို ရောက်ရှိနေတာပါ။ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ နိဒါန်းပျိုးတဲ့ ပထမအဆင့် ဖြစ်ပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မြန်မာစစ်အစိုးရ ၀န်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ စစ်အစိုးရနဲ့ ဆက်စပ်နေတဲ့ တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ မနက်ဖြန်ကြရင်တော့ စစ်အစိုးရ ၀န်ကြီးချုပ်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ နောက်ပြီးတော့ တခြား အတိုက်အခံ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။”
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် သံတမန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ် စကားပြောနိုင်ခဲ့တာကိုလည်း မစ္စတာ အီရန် ကယ်လီက အခုလို ရှင်းပြပါတယ်။
“ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ်နဲ့ ကျနော်တို့ ဆက်သွယ် စကားပြောနိုင်ခဲ့ပါတယ်။ သူပြောတာကတော့ သတင်းအချက်အလက်တွေ စုစည်းနေပါတယ်တဲ့။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးပြောဆိုကြသလဲ ဆိုတာကို တွက်ဆတဲ့သဘော ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ နှစ်ဘက်စလုံးက ပြောဆိုတာတွေ၊ ရှင်းပြချက်တွေကို နားထောင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။”
အခုလို မူဝါဒ အပြောင်းအလဲ ကာလမှာ ထိပ်တန်းသံတမန်တွေ ပထမအဆင့် အချက်အလက် ရှာဖွေ စုစည်းတဲ့ ခရီးစဉ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ သုံးသပ်လိုက်သူကတော့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သံရုံး ယာယီတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ၊ မြန်မာ့အရေး စိတ်ဝင်စားသူ မစ်စ် ပရစ်စီလာ ကလပ်ပ် (Priscilla Clapp) ဖြစ်ပါတယ်။
“အချက်အလက် ရှာဖွေရေး ခရီးစဉ် ဆိုတာကတော့ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဆင့် ရာထူးရှိတဲ့ ပုဂ္ဂိုလ်တယောက် မြန်မာနိုင်ငံကို ပထမဆုံးသွားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ပြောတဲ့ အချက်အလက် ရှာဖွေ စုစည်းတဲ့ ခရီးစဉ်ဆိုတာ မြန်မာပြည်မှာ သူတို့ တွေ့ရ၊ မြင်ရမယ့် အခြေအနေတွေကို ဆန်းစစ် အကဲဖြတ်ကြဖို့ ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။”
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း တွေ့ဆုံမှာ ဖြစ်တဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“အဓိက နံပါတ်တစ်ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်တွေကို ကျနော်တို့က ဦးစွာ ရှင်းပြမှာ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ လက်ရှိကိုင်စွဲထားတဲ့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး သဘောထားတွေ ဖြစ်တာကြောင့် ရွှေဂုံတိုင် ကြေညာစာတမ်းကို တင်ပြ ရှင်းလင်းမှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အခြေခံဥပဒေကို ဒီမိုကရေစီကို သွားနိုင်မယ့် အနေအထားတွေ ဖြစ်ပေါ်လာအောင် ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာကို ဖြေကြား ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။”
အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး တိုးတက်လာတာကို ကြိုဆိုရင်းနဲ့ ဒီခရီးစဉ်ကနေ ဘာတွေမျှော်လင့်လို့ ရမလဲ ဆိုတာကိုတော့ မစ်စ် ပရစ်စီလာ ကလပ်ပ်က အခုလိုပြောပါတယ်။
“ဒီခရီးစဉ်ကနေ ရလဒ်တခု အံ့အားသင့်လောက်အောင် ထွက်လာဖို့ကိုတော့ ဘယ်သူကမှ မျှော်မှန်းမထားသင့်ပါဘူး။ ဒါဟာ ပထမအဆင့် ကြိုးပမ်းမှုပါ။ ကျမတို့အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ သဘောလောက်ကိုသာ မျှော်မှန်းကြရမယ့်အဆင့် ဖြစ်ပါတယ်။ အမေရိကန် ထိပ်တန်း သံတမန်ကြီးတွေ အနေနဲ့ စစ်အစိုးရဘက်ကိုရော အတိုက်အခံဘက်နဲ့ပါ တွေ့ဆုံနိုင်တယ် ဆိုတာက ပိုပြီး အရေးကြီးတယ်လို့ ကျမ ယူဆပါတယ်။”
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်ဟာ တဆင့်ပြီးတဆင့် ဖြည်းဖြည်းနဲ့ မှန်မှန် အချိန်ယူရမှာ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အခုလုပ် အခုချက်ချင်း ဖြစ်ထွန်းတိုးတက်မှုတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်မှန်းမထားတဲ့အကြောင်း၊ အမေရိကန် မူဝါဒရဲ့ ရည်မှန်းချက်ဟာ ထိတွေ့ဆက်ဆံဖို့ သက်သက်ပဲ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အဓိပ္ပာယ် ပြည့်ဝတဲ့၊ အနှစ်သာရရှိတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အချိန်ယူရမယ် ဆိုတာကို အမေရိကန် ပြည်ထောင်စုက အသိအမှတ် ပြုထားတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုခဲ့ဖူးပါတယ်။