အရှေ့အလယ်ပိုင်းဒေသက တရုတ်က ဝယ်ယူတဲ့ ရေနံတွေ၊ မြန်မာနိုင်ငံ ရွှေသဘာ၀ ဓာတ်ငွေ့သိုက်နဲ့ အာဖရိကတိုက်က ဝယ်ယူတဲ့ တရုတ်ရဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာနိုင်ငံကတဆင့် ပိုက်လိုင်းသွယ်ပြီး တရုတ်ပြည်ကို တင်ပို့ရေးအတွက် အဲဒီပိုက်လိုင်း မြန်မာနိုင်ငံမှာ တည်ဆောက်ရေး စတင်လိုက်ပြီလို့ အင်္ဂါနေ့က တရုတ်အစိုးရပိုင် National Petroleum Corporation က ကြေညာလိုက်ပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲက မြန်မာပိုင် မဒေးကျွန်းပေါ်မှာ ဒီပိုက်လိုင်း တည်ဆောက်ရေးကို တနင်္လာနေ့က စတင်တာလို့ တရုတ်အရာရှိတွေက ပြောပါတယ်။ ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်မှာ ဖြစ်ပါတယ်။
ဒီပိုက်လိုင်းကြီးကို ဘယ်အချိန်မှာ စပြီး အသုံးပြုမယ် ဆိုတာကိုတော့ တရုတ်အရာရှိတွေက ပြောဆိုခြင်း မရှိပေမဲ့ တနှစ်ကို ရေနံ စည်ပေါင်း ၈၄ သန်း ပမာဏကို ဒီပိုက်လိုင်းကြီးကနေ ပို့လွှတ်နိုင်မှာ ဖြစ်တယ်လို့ တရုတ်တွေက ပြောကြားကြပါတယ်။
ဒီပိုက်လိုင်းကြီး တည်ဆောက်ရေးကြောင့် ပိုက်လိုင်းကြီး ဖြတ်သန်းသွားရာ ဒေသခံ လူထုတွေကို အတိဒုက္ခ ရောက်စေမှာ ဖြစ်ပြီး မြန်မာစစ်အစိုးရကတော့ လာမယ့် နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၀၀၀ ကို ရရှိသွားစေမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကန့်ကွက် ပြောကြားနေကြပါတယ်။