သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာ့တ် ကမ်းဘဲလ် မြန်မာခရီးစဉ်ဆိုင်ရာ ကြေညာချက် ထုတ်


မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ မြန်မာနိုင်ငံက မထွက်ခွာခင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက် အသေးစိတ်ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့မှာ အမေရိကန်သံရုံးက တဆင့် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ သူ့ရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ အစိုးရပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေ အပါအဝင် ပုဂ္ဂိုလ် အများအပြားနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သုံးသပ်နေတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ သက်ဆိုင်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို ရှင်းပြဖို့နဲ့ လူ့အခွင့်အရေး ပြည့်ဝမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ကို ပြင်းပြင်းထန်ထန် ထောက်ခံကြောင်း ပြသဖို့ ရည်ရွယ်တဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတိုင်းမှာ မြန်မာနိုင်ငံဟာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ တိုင်းပြည်၊ ဒီမိုကရေစီကို မြှင့်တင် ဖော်ဆောင်နေတဲ့ တိုင်းပြည်၊ ကုလသမဂ္ဂရဲ့ နျူကလီးယား မပြန့်ပွားရေး စာချုပ်အတိုင်း လိုက်နာနေထိုင်တဲ့ တိုင်းပြည်တခုအဖြစ် အမေရိကန်တို့က မြင်လိုတယ်လို့လည်း အလေးအနက်ထား ဖော်ပြထားပါတယ်။

ဒီကနေ့မှာတော့ လူမျိုးစု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ၂ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေ အတွင်းမှာ အစိုးရ၊ ဒီမိုကရေစီ အတိုက်အခံနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြားမှာ တွေ့ဆုံဆွေးနွေးရေးတရပ် ဖြစ်ဖို့လိုကြောင်း ထပ်မံပြီး အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုရဲ့ ဦးတည်ချက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဘက်ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် အပြည့်အ၀ ဖော်ဆောင်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒီဦးတည်ချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့ရဲ့ NLD ပါတီ CEC အဖွဲ့ဝင်တွေနဲ့ မကြာခဏ တွေ့ဆုံပေးသင့်တယ်လို့လည်း စစ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

စစ်အစိုးရရဲ့ ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီး၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဝန်ကြီး၊ စတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်ဖို့အတွက် အမေရိကန်တို့က အဆင်သင့် ရှိနေကြောင်းနဲ့ ဒီကိစ္စကို နှစ်ဦးနှစ်ဘက် ဆောင်ရွက်ရမှာ ဖြစ်သလို မြန်မာစစ်အစိုးရဘက်ကလည်း ထိထိရောက်ရောက် ကြိုးပမ်း အားထုတ်မှုတွေ လုပ်ရမှာဖြစ်တယ် ဆိုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နာဂစ်မုန်တိုင်း ဒုက္ခသည် ကူညီရေး၊ ကူးစက်ရောဂါ ပြန့်ပွားမှု တိုက်ဖျက်ရေးအတွက် ကူညီရေး ကိစ္စတွေကိုလည်း ဖော်ပြထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံက မထွက်ခွာခင် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ဖြစ်ပါတယ်။

ကာ့တ် ကမ်းဘဲလ် ကြေညာချက်ထဲမှာပါတဲ့ တောင်းဆိုချက်တခု ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD CEC တွေနဲ့ တွေ့ခွင့်ပေးသင့်တယ်ဆိုတဲ့ အချက်အတိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ခေါင်းဆောင်တွေ တွေ့ပေးဖို့ စီစဉ်ပေးခဲ့ပေမဲ့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး မပါဝင်ရင် ဒေါ်အောင်ဆန်းစုကြည်က မတွေ့နိုင်ဘူးလို့ ပြောကြားခဲ့တယ်လို့ စစ်အစိုးရ သတင်းတွေမှာ ကြေညာသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG