သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ ခိုင်မာတဲ့ နိုင်ငံရေး ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန် ထိပ်တန်းသံတမန် တိုက်တွန်း


မြန်မာနိုင်ငံအပေါ် မူဝါဒသစ်တွေ ကျင့်သုံးဖို့ ပြင်ဆင်နေတဲ့ အမေရိကန် ပြည်ထောင်စုက အဆင့်မြင့် သံတမန်တွေရဲ့ ခရီးစဉ် မနေ့တုန်းက အဆုံးသတ်ခဲ့တဲ့ နေရာမှာ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းက သက်ဆိုင်သူ အတော်များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခွင့် ရခဲ့တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဆင့်မြင့် သံတမန် ဆက်ဆံမှုတွေ မရှိခဲ့တာ ဆယ်စုနှစ် တခုနီးပါး ရှိနေရာက အခုလို စတင်ဆက်သွယ်မှုတွေ ရှိလာနေပေမဲ့လည်း ဒီထက်ပို တိုးတက်တဲ့ ဆက်ဆံရေးတွေ ဖြစ်ဖို့အတွက်ကတော့ စစ်အစိုးရဘက်က နောက်ထပ်ဆောင်ရွက်ဖို့ လိုနေသေးတဲ့ အကြောင်းလည်း သူက ပြောခဲ့ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်တဦးဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့ ဦးဆောင်ပြီး သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်းမှာတော့ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးအရ ပိုမိုဆောင်ရွက်ခွင့် ရစေဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ပေါ်စေဖို့ ဒီလိုလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ခရီးစဉ်အဆုံး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

“ဒီလို ဆွေးနွေးပြောဆိုမှုမျိုးက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံထဲက နိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီအခြေအနေကို ဦးတည်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့်ကတော့ သူ့ပါတီက ဗဟိုအလုပ်အမှုဆောင်တွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နိုင်အောင် မြန်မာစစ်အစိုးရက ခွင့်ပေးဖို့အတွက်လည်း ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မနေ့တုန်းက တွေ့ဆုံခွင့်ပြုပေမဲ့ ဒီအထဲမှာ ပါတီ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ သူ့လိုပဲ နေအိမ်မှာ အကျယ်ချုပ် ဖမ်းဆီးခံနေရတဲ့ ဦးတင်ဦး မပါဝင်တဲ့အတွက် ငြင်းဆန်ခဲ့တယ်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။ NLD ပါတီ အတွင်းရေးမှူးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ နည်းလမ်းကျတယ်လို့ ဆိုပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးရှိဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ဖို့ စတာတွေအတွက် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ထောက်ခံကြောင်း ပြသဖို့ ဒီခရီးစဉ်က ရည်ရွယ်ထားကြောင်းလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အဆုံးမှာ ကြေညာချက်တစောင် ထုြတ်ပန် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလို အမေရိကန် ပြည်ထောင်စုဘက်က မျှော်လင့်ထားသလို၊ လိုလားသလို စစ်အစိုးရဘက်က လိုက်နာ ဆောင်ရွက်လာပါ့မလား ဆိုတာတွေကိုတော့ သံသယတွေ ရှိနေတာပါ။

အထူးသဖြင့်ကတော့ ထောင်ဂဏန်းချီရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သလို အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေကလည်း မရပ်မနား ဖြစ်နေဆဲမို့ အမေရိကန်ရဲ့ အားထုတ်မှုတွေ အရာမရောက် ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က ဆိုပါတယ်။

“ဒါက အခု ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်နိုင်တဲ့ တကယ့်ကို စိုးရိမ်စရာ ကိစ္စပါ။ အမေရိကန် မူဝါဒ ပြန်လည်သုံးသပ်ချက် ရလဒ်တွေကို ကြေညာလိုက်ချိန်က စလို့ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးလိုက်တာ ၁၂၈ ယောက် ရှိပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း အဖမ်းခံထားရတဲ့သူ ၂,၁၀၀ ကျော် ရှိနေတဲ့ အခြေအနေမှာတော့ ဒါဟာ ရေပေါက်လေး တပေါက်လောက်သာ ရှိပါတယ်။ ပြီးခဲ့တဲ့ တပတ်တည်းမှာလည်း လူ ၅၀ လောက်ကို လမ်းတွေပေါ်မှာ သိမ်းကျုံးဖမ်းဆီးပြီး ထောင်ချလိုက်တာလည်း ရှိပါသေးတယ်။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ကတော့ အမေရိကန်အနေနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေမှာ တိုးတက်စေဖို့ ခြေလှမ်းတွေ လှမ်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း၊ ဒါပေမဲ့လည်း ဒီကိစ္စတွေကို တဆင့်ချင်း လုပ်သွားမှာ ဖြစ်သလို မြန်မာစစ်အစိုးရဘက်က အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတွေ၊ ခိုင်မာတဲ့ ကြိုးပမ်းမှုတွေ အပေါ်မှာ မူတည်မယ့်အကြောင်းလည်း ပြောခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေးအရ တိုးတက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့အထိ ဆက်ဆံရေးတွေကို တိုးမြှင့်သွားနိုင်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ဒီနှစ်ထဲတုန်းက သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆက်ဆံမှုတွေ ဒီလိုအဆင့်အထိ ရောက်ဖို့ကတော့ မြန်မာစစ်အစိုးရဘက်က သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့လိုတယ်၊ လတ်တလောမှာတော့ အရေးယူဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိရင်း အခြေအနေတွေကို စောင့်ကြည့်သွားဦးမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့တုန်းကပဲ ပြောဆိုခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG