သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ အတိုက်အခံ ထောက်ခံသူတွေ လမ်းမပေါ်ထွက် ဆန္ဒပြ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က တီဟီရန်မြို့တော် အမေရိကန်သံရုံးကို အီရန် ကျောင်းသားတွေ စီးနင်း သိမ်းပိုက်ခဲ့မှု နှစ်ပတ်လည် အထိမ်းအမှတ် လူထုစည်းဝေး ဆန္ဒပြပွဲကြီးတွေနဲ့အတူ ဗုဒ္ဓဟူးနေ့က မြို့တော်မှာ ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အီရန် လုံခြုံရေး တပ်ဖွဲ့တွေက နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

လုံထိန်း ရဲတပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ပြည်သူ့စစ်တွေက မော်တော်ဆိုင်ကယ် စီးနင်းပြီး ဆန္ဒပြသူတွေကို လိုက်လံ ရိုက်နှက်ကြလို့ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလို အကြမ်းဖက် နှိမ်နင်းနေတဲ့ ကြားကပဲ ထောင်ပေါင်းများစွာသော အီရန်နိုင်ငံသားတွေက အာဏာရှင် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ကို ဦးတည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးသမား၊ သမ္မတလောင်း ဖြစ်ခဲ့သူ မီယာ-ဟူစိန် မူဆာဗီ (Mir-Hossein Mousavi) ကို ထောက်ခံကြတဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူတွေက အနည်းဆုံး အီရန်ရဲ့ မြို့ကြီး ၁၁ မြို့မှာ တက္ကသိုလ်ကျောင်းဝင်းတွေကို အခြေပြုပြီး လူထု စည်းဝေးပွဲတွေ၊ ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတ အိုဘားမား ကျွနု်ပ်တို့ဘက်မှာလား၊ ဆန့်ကျင်ဘက်မှာလား ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သမ္မတ အိုဘားမားရဲ့ လက်ရှိ အီရန် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေး ကြိုးပမ်းနေမှုကိုလည်း ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ အီရန်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး အီရန် အစိုးရရဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့မသွားဖို့ မျှော်လင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG