မြန်မာနိုင်ငံကိုအသွား ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ကို ဒီကနေ့ အင်းစိန်ထောင် တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ပထမအကြိမ်မှာ မင်္ဂလာဒုံမြို့နယ် တရားသူကြီးရုံးက လက်ခံစစ်ဆေးခဲ့ပေမဲ့ ဒုတိယတကြိမ်က စပြီးတော့ ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက လွှဲပြောင်းယူပြီး အမှုကို အစက ပြန်စစ်ခဲ့တာပါ။ ဒီကနေ့သောကြာနေ့ ရုံးချိန်းနဲ့ပတ်သက်ပြီးတော့ ကိုညီညီအောင် ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းတော့ ရုံးချိန်းအခြေအနေကို ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။
"ဒီနေ့ သက်သေနှစ်ဦးကို စပြီးတော့ စစ်ဆေးတယ်။ အဲဒီမှာ သက်သေတွေ မစစ်ခင်မှာ တရားသူကြီးက တခု ကြေညာ တယ်။ အဲဒါက ဘာလဲဆိုတော့ ကိုကျော်ဇောလွင်နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ရဲသတင်းတပ်ဖွဲ့က အမှုတခု ထပ်တင်တယ် တဲ့။ အမှုတင်တဲ့ ဥပဒေပုဒ်မကတော့ (၂၄/၁) တဲ့။ (၂၄/၁) ဆိုတာက နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းဥပဒေပါ။ နိုင်ငံခြားငွေကို တရားမ၀င် လက်ဝယ်ထားမှုပေါ့။ ဒီလိုပြောရင်လည်း ရတယ်။ နဂိုအမှုဖြစ်တဲ့ လိမ်လည်မှုတို့။ စာရွက် စာတမ်း အတု ကိုယ်တွယ်အသုံးပြုမှုတို့ စစ်ပြီးတဲ့အခါကျတော့ အဲဒီအမှုကို ကျနော်တို ဒီနေ့ ဆရာ ဦးကြည်ဝင်း နဲ့ ကျနော် နဲ့၊ ရှေ့နေကိုယ်စားလှယ်စာ တင်ခဲ့တယ်။ အခု ကိုညီညီအောင်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ အမှုက နှစ်ခု ဖြစ်သွားပြီ။ ပုဒ်မက သုံးခုဖြစ်သွားပြီပေါ့။ အဲဒီတော့ ဒီငွေကြေး ကိစ္စကိုတော့ ကျနော်တို့လည်း ရုံးကိုပြောတယ်။ ကျနော်တို့ မသိဘူး။ အမှုသည်နဲ့လည်း ကျနော်တို့ မတွေ့ရသေးဘူး။ အဲဒီတော့ ကျနော်တို့ကို တိုင်ပင်ခွင့်ပေးပါဆိုတော့ ရုံးက ပေးပါတယ်။ ကျနော်တို့ လာမယ့်သောကြာမှာ ဒီနှစ်မှုစလုံးကို ဆက်လက်စစ်ဆေးဖို့ ရုံးချိန်းပေးတာပါ။"
ကိုညီညီအောင် ကို ဖမ်းဆီးမိစဉ်တုန်းက အစိုးရသတင်းစာတွေမှာ သတင်းထုတ်ပြန်ထားတဲ့အခါမှာ နိုင်ငံရေးအရ ဆူပူ လှုံ့ဆော်ဖို့အတွက် လာတယ် ဆိုပြီးတော့ ကြေညာပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခု စွဲဆိုတဲ့အခါမှာတော့ နိုင်ငံရေး ကိစ္စ လုံးဝမပါဘူးလား ခင်ဗျ။ -
"အဲဒါတွေ လုံးဝ မပါသေးပါဘူးခင်ဗျ။"
မပါသေးဘူးဆိုတော့ ပါလာမယ့်သဘော ရှိတယ်ပေါ့။ -
"ကျနော်တို့ အသေအချာ မပြောနိုင်ဘူး။ ဒါ တရားစွဲတဲ့ အဖွဲ့အစည်းရဲ့ သူ့ရဲ့ ဘယ်လို စဉ်းစားတယ်၊ ဘယ်လို လုပ်နေလဲ၊ ဘယ်လောက် သက်သေရသလဲ၊ ဒါတွေကို ကျနော်တို့ မသိဘူးလေ။ တကယ်လို့ သူ့ကို စွဲမယ်ဆိုရင်လည်း သူတို့မှာ သက်သေ ခိုင်လုံတယ်လို့ ထင်ရင် သူတို့ စွဲချင်စွဲမှာပေါ့။"
အစတုန်းက တချို့ ခန့်မှန်းကြတာက အဲဒီ စာရွက်စာတမ်း အတု ကိုင်တယ်ဆိုတာက တရားရုံးမှာ တရားသူကြီးဆီက ဆက်လက်ဖမ်းဆီးထားခွင့် ရမန် ရအောင်လို့အတွက် လုပ်တဲ့ ပုဒ်မတွေသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ တကယ် အရေးယူ ချင်တာက နိုင်ငံရေးကိစ္စတွေနဲ့ ပစ်ဒဏ်ကြီးကြီး ချမှတ်ချင်တဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒါရော ရှေ့နေ တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။ -
"ကျနော်တော့ အခုချိန်မှာ အဲဒါ သိပ်မပြောနိုင်ဘူးခင်ဗျ။ ကျနော်တို့ စောင့်ကြည့်ရမယ့်သဘော ရှိတယ်။"
ကိုညီညီအောင် ရဲ့အမှုအကြောင်း ရှေ့နေ ဦးဉာဏ်ဝင်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းခဲ့တာပါ။
ဒီကနေ့ တရားခွင်ကို အမေရိကန်သံရုံးက ဒုတိယ ကောင်စစ်ဝန်လည်း လာရောက်ခဲ့ပါတယ်။ ဒီအမှုနဲ့တဆက်တည်းပဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ မမီးမီး ကို ပုသိမ်ထောင်မှာ ပြစ်ဒဏ်ချမှတ် ချုပ်နှောင်ထားရာကနေ ဒီကနေ့ ပုသိမ်ထောင်ကနေ အင်းစိန်ထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ မမီးမီး နဲ့ နီးစပ်သူ မိသားစုဝင်တဦးက ပြောပါ တယ်။ ဘာကြောင့်အခုလို ထောင်ပြောင်းရွှေ့လိုက်ရသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။