သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက် ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် သမ္မတ အိုဘားမား ဝမ်းနည်းစကားပြော


ကြာသပတေးနေ့က ပစ်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံ တက္ကဆက် (Texas) ပြည်နယ်ရှိ Fort Hood စစ်တပ်စခန်းမှာ စိတ်ခံစားမှုဝေဒနာတွေကို သက်သာရာရောက်အောင် ဖြေသိမ့်အကြံပေးဖို့ ဝန်ထမ်း ဒါဇင်နဲ့ချီပြီး တော့ အမေရိကန်စစ်တပ်က စေလွှတ်လိုက်ပါတယ်။

Fort Hood စစ်စခန်းက အဆောက်အဦး တခုထဲရှိနေတဲ့ စစ်သားတွေနဲ့ အရပ်သားတွေကို သေနတ်နဲ့ ပစ်ခဲ့သူကတော့ အမေရိကန် ဗိုလ်မှူး နီဒဲလ် မာလစ် ဟာဆင်န် (Nidal Malik Hasan) ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို ခုခံပစ်ခတ်ခဲ့တာကြောင့် ဆေးရုံတင်ထားခဲ့ရပါတယ်။ ခုချိန်ထိ သူဆေးရုံမှာရှိနေဆဲ ဖြစ်ပြီး သူ့ကျန်းမာရေး အခြေအနေက ကောင်းနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူး ဟာဆန်ဟာ သူကိုယ်တိုင် စိတ်ရောဂါကု ဆရာဝန်တဦးလည်း ဖြစ်ပြီး အပြုအမူ မူမမှန်တဲ့ စစ်သားတွေကို ကုသ ပေးရသူ ဖြစ်ပါတယ်။ မကြာခင်မှာ အီရတ် သို့မဟုတ် အာဖဂန်နစ္စတန်ကို စေလွှတ်ခြင်း ခံရတော့မယ့်သူလည်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သေနတ်သမား ဘာရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တာလဲ ဆိုတာကိုတော့ အမေရိကန်စစ်တပ်က မပြောသေးပါဘူး။ ဒီပစ်ခတ်မှု နဲ့ ပတ်သက်လို့ ခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာကြောင့် အလောတကြီး ယိုးမယ်မဖွဲ့ ဖို့ သမ္မတ ဘရက်အိုဘားမား က ပြောခဲ့တဲ့အပြင် သေဆုံးခဲ့သူတွေရဲ ့ ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးစကား ပြောခဲ့ပါတယ်။ သေဆုံးသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုဝင်ဘာလ ၁၁ရက်ကျရင် တနိုင်ငံလုံး အလံတဝက်ပဲ လွှင့်ထူထားကြဖို့ကို လည်း သမ္မတက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG