သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ ဆက်ဆံမှုသစ် ဂျပန်ဝန်ကြီးချုပ် ကြိုဆို


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ ကြိုးပမ်းနေတာနဲ့ ပတ်သက်လို့ ဂျပန်ဝန်ကြီးချုပ် ယူကီယို ဟတိုယာမ (Yukio Hatoyama) က ချီးကျူးပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုးမြှင့်ဆောင်ရွက် လာတာတွေဟာ မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ မဲခေါင်ဒေသအတွက်လည်း အကျိုးများနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ကျင်းပပြီးစီးသွားတဲ့ ၂ ရက်ကြာ ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ နိုင်ငံတွေ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတွေက ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်းပေါင်း ၅,၅၀၀ အကူအညီပေးသွားဖို့လည်း ဂျပန်နိုင်ငံက ကတိပြုပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကိုလည်း ထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ကြောင်း ရိုက်တာစ် သတင်း တပုဒ်က ဆိုပါတယ်။

စစ်အစိုးရက ကမကထလုပ် ကျင်းပပေးဖို့ရှိနေတဲ့ ရှေ့နှစ်ရွေးကောက်ပွဲတွေ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ဟာ အလွန်အမင်း အရေးကြီးတဲ့ ကိစ္စအဖြစ် ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့တာပါ။ မိုင်ပေါင်း ၂,၈၀၀ ကျော် ရှည်လျားပြီး ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘေးဒဏ်၊ မတည်ငြိမ်မှုဒဏ်တွေကို ခံခဲ့ရတဲ့ မဲခေါင်ဒေသကို အများဆုံး အကူအညီ အထောက်အပံ့တွေ ပေးအပ်နေတဲ့ ပြည်ပနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG