အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က စစ်စခန်းမှာ လူ ၁၃ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပါတယ်။ ပစ်ခတ်တိုက်ခိုက်သူအဖြစ် ယုံကြည်ထားတဲ့ ဗိုလ်မှူး နီဒဲလ် မာလစ် ဟာဆန် (Nidal Malki Hasan) ကို ရဲတပ်ဖွဲ့ဝင်တဦးက ဒဏ်ရာရတဲ့အထိ ပစ်ခတ်ပြီး ဖမ်းဆီးမမိခင်မှာ ဖို့ဒ် ဟုဒ် (Fort Hood) စစ်စခန်းတွင်းက စစ်သားတွေ၊ အရပ်သားတွေကို မောင်းပြန်သေနတ် တလက်အပါအဝင် သေနတ် ၂ လက်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူ့ကိုတော့ တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယို မှာရှိတဲ့ ဘရွတ်ခ် စစ်တပ် ဆေးရုံကို သောကြာနေ့တုန်းက ပြောင်းရွှေ့ခဲ့ပြီး အစောင့်အကြပ်တွေနဲ့ ထားတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အောက်မေ့ဖွယ် အခမ်းအနားတွေ အင်္ဂါနေ့မှာ ကျင်းပဖို့ ရှိနေတဲ့ ဖို့ဒ် ဟုဒ် ကို သမ္မတ ဘရက်ခ် အိုဘားမား နဲ့ ဇနီးတို့ သွားရောက်ဖို့ ရှိကြောင်းလည်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ အပတ်စဉ်ထုတ်လွှင့်နေတဲ့ ရေဒီယို၊ ရုပ်မြင်သံကြား မိန့်ခွန်းတွေမှာတော့ သမ္မတက အခုအဖြစ်အပျက်ဟာ စိတ်နှလုံးကြေကွဲစရာ အကျည်းတန်လှတဲ့ လုပ်ရပ်အဖြစ် စနေနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။
ပစ်ခတ်သတ်ဖြတ်မှုတွေကို ဟန့်တားဖို့ နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးဖို့ အပြေးအလွှား ကြိုးပမ်းခဲ့ကြသူတွေကိုတော့ သမ္မတ က ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ သူရဲကောင်းတွေအဖြစ် ချီးကျူးစကား ပြောဆိုခဲ့တာပါ။