သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတ အိုဘားမား မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နဲ့ APEC အစည်းအဝေးပွဲမှာ ဆုံဖွယ်ရှိ


စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ကျင်းပမယ့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘရက် အိုဘားမား တက်ရောက်မှာဖြစ်ပြီး ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင် တွေ ပါဝင်တက်ရောက်ကြဖို့ အမေရိကန်နိုင်ငံက မျှော်လင့်ထားတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အာဆီယံ-အမေရိကန် ထိပ်သီးစည်းဝေးပွဲကို အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ APEC ဘေးပန်း ဆွေးနွေးပွဲအဖြစ်နဲ့ ကျင်းပမှာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ဖို့ရှိပါတယ်။ အမေရိကန်သမ္မတအနေနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက် မှာလည်း ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း ဒီဆွေးနွေးပွဲကို တက်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။

စနေနေ့ကတော့ ဖိလစ်ပိုင်က အကြီးတန်း မြန်မာသံအရာရှိ ဦးမင်းလွင်က ဒီ (၃၂) ကြိမ်မြောက် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ကြောင်း အေပီ သတင်းမှာ ဖော်ပြ ထားပါတယ်။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လာရောက်ခဲ့ရင် ဒါဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆင်မြင့်ဆုံး ပုဂ္ဂိုလ်တွေရဲ့ ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှု ဖြစ်လာမှာပါ။

နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာတော့ အမေရိကန်နိုင်ငံက ထိပ်တန်း ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ် နဲ့ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီရယ်လ် တို့ဟာ သမ္မတ အိုဘားမား အစိုးရရဲ့ စီးပွားရေး ပစ်ဒဏ်ခတ်မှု မရုတ်သိမ်းဘဲ တိုက်ရိုက်တွေ့ဆုံ ဆက်ဆံမှု ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒသစ်ကို အကောင်အထည်ဖော်တဲ့ အနေနဲ့ မြန်မာစစ်ခေါင်းဆောင် တချို့နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG