မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို လျှော့ချဖို့နဲ့ အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်မှု ရစေရေးအတွက် မိတ်ဘက်နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဝါရှင်တန်ကနေ ဥရောပနဲ့ အာရှကို မနေ့အစောပိုင်းကပဲ ထွက်ခွာသွားခဲ့ပါတယ်။
ဒီကနေ့ ကျရောက်မယ့် ဘာလင်တံတိုင်း ဖြိုချခဲ့တဲ့ အနှစ် ၂၀ မြောက် အထိမ်းအမှတ်ပွဲကို ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် (Angela Merkel) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတူတွဲပြီး ဆင်နွှဲသွားမှာပါ။
ဒီလိုတွေ့ဆုံကြတဲ့ နေရာမှာ အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား အစီအစဉ်အတွက် အဆင့်နိမ့် ယူရေနီယံ သန့်စင်မှု လုပ်ငန်းကို ပြည်ပမှာ ဆောင်ရွက်ဖို့ နိုင်ငံတကာက ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ကျန်ခေါင်းဆောင်တွေနဲ့ အာရုံစိုက် ဆွေးနွေးသွားကြဖို့လည်း ရှိပါတယ်။
ဂျာမဏီနိုင်ငံ ဘာလင်ကမှ တဆင့် ဝန်ကြီးကလင်တန်ဟာ စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင်တော့ အာရှ ပစိဖိတ် ဒေသက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြောက်ကိုရီးယားကိစ္စကို အာရုံထား ဆွေးနွေးသွားဖို့လည်း ရှိပါတယ်။
ကြာသပတေးနေ့မှာတော့ မကြာသေးခင်တုန်းကပဲ တိုင်ဖုန်း လေမုန်တိုင်းဒဏ် ဆက်တိုက်ဆိုသလို ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ မှာ ပြန်လည် နာလန်ထူလာစေရေး အမေရိကန်က အားပေးကူညီမှု ပြသတဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကျန်အာရှခရီးစဉ်ကို သမ္မတ အိုဘားမား (Barack Obama) နဲ့အတူ ဆက်လက် ထွက်ခွာ ကြမှာ ဖြစ်ပါတယ်။