သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်မယ်လို့ စစ်အစိုးရ အရာရှိတဦး ပြောဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မကြာခင် ပြန်လွှတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက အေပီ သတင်းဌာနကို ပြောသွားပါတယ်။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က စင်ကာပူကိုအသွား ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်မှာ အေပီသတင်းဌာနကို ပြောတဲ့အကြောင်း The Strait Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီကို ပြန်ပြီး စည်းရုံးတည်ဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာခင်မှာ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ဦးမင်းလွင်က ပြောပေမဲ့ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးမယ်၊ မပေးဘူး ဆိုတာရယ်၊ ဘယ်အချိန်မှာ ပြန်လွှတ်ပေးမယ် ဆိုတာရယ် အချိန်အတိအကျကိုတော့ ပြောသွားတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံတဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လတ်တလော လွှတ်ပေးမယ့် ထူးခြားတဲ့ အရိပ်အခြည် မတွေ့မိသေးဘူး၊ ဒီသတင်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မသိသေးဘူးလို့ အခုလိုပြောပါတယ်။

“ကျနော်တို့ အခုတော့ မသိသေးပါဘူး၊ မကြားသေးပါဘူးခင်ဗျ။ အခုလေးတင် ပြန်လာတာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး။ သူလည်း ဒါနဲ့ပတ်သက်ပြီးတော့ မပြောပါဘူး။ ဒီသတင်းတွေ အပေါ်မှာတော့ ကျနော်တို့က မှန်ပါစေလို့ပဲ ဆုတောင်းနေရမှာပဲ။”

ဒါ့အပြင် မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တာကနေ တိုးတက်မှုတွေ ပိုပြီးရမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြန်ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ ရှေ့နေ ၄ ယောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့ခင်း ၁ နာရီကနေ ၃ နာရီအထိ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ မစ္စတာကမ်းဘဲလ်နဲ့ စကော့ မာဆီယယ် (Scot Marciel) တို့နဲ့ တွေ့ခဲ့တဲ့ အသေးစိတ် ဆွေးနွေးချက်တွေကိုတော့ သူ မပြောပါဘူး။ ဒါပေမဲ့ သူပြောတာက ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စေတနာလည်း ရှိတယ်၊ အလေးအနက်လည်း ထားတယ်။ ဒါကြောင့် သူတို့ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့ နအဖကိုလည်း ကျေးဇူးတင်တယ်။ ဒီ့ထက်ထိ ပိုပြီး တိုးတက်မှုတွေ ရှိမယ်လို့လည်း ယုံကြည်တယ်။ အဲဒါ ပြောလိုက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံ တရားရုံးချုပ်မှာ ပြင်ဆင်လျှောက်ထားချက် ရေးဖို့နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်း အပါအဝင် အကျိုးဆောင်ရှေ့နေ ၄ ဦး ဒီကနေ့ပဲ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ စောစောပိုင်းတုန်းက ရှေ့နေ ၂ ယောက်ကိုပဲ အာဏာပိုင်တွေက တွေ့ခွင့်ပေးခဲ့တဲ့အတွက် ရှေ့နေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG