သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်


သမ္မတ အိုဘားမား (Obama) ဟာ အာရှကိုထွက်မယ့် သူ့ရဲ့ခရီးစဉ်ကို တရက်ရွှေ့ဆိုင်းပြီး ကြာသပတေးနေ့မှာ ထွက်ဖို့ စီစဉ်ထားပါတယ်။ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ တောင်ကိုရီးယားမှာလည်း ဝင်ရောက်နားမှာဖြစ်ပြီး စင်ကာပူမှာတော့ အာရှနဲ့ ပစိဖိတ် နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်တွေနဲ့လည်း သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

သမ္မတ အိုဘားမား အနေနဲ့ သူ့ရဲ့ အာရှခရီးစဉ်ကို ကနဦး အခုလာမယ့် ဗုဒ္ဓဟူးနေ့ ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ အင်္ဂါနေ့မှာ တက္ကဆက် Fort Hood စစ်စခန်းမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြတဲ့ စစ်မှုထမ်းတွေအတွက် အမှတ်တရ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ဖို့ရှိပြီး ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် ပြည်ထောင်စုမှာ စစ်မှုထမ်းဟောင်းများနေ့ ဖြစ်တဲ့အတွက်ကြောင့်လည်း အာလင်တန် အမျိုးသား စစ်သချုႋင်းမှာ လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ် စသဖြင့် တက်ရောက်မှာ ဖြစ်တဲ့အတွက် ကြာသပတေးနေ့ကို သူ့ရဲ့ အာရှခရီးစဉ် ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ အာရှခရီးစဉ် အစမှာတော့ ပထမ ဂျပန်ကို သွားရောက်မှာဖြစ်ပြီး စင်ကာပူမှာ အေးပက် (APEC) ညီလာခံကို တက်ရောက်ပြီး အာရှ ပစိဖိတ် ဝန်းကျင်က နိုင်ငံပေါင်း ၂၁ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့် ဆုတ်ယုတ်မှု အကြောင်းတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က အဲဒီညီလာခံကို အင်အားကြီးနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်တဲ့အတွက် အေးပက် ညီလာခံဟာ အမေရိကန် ပြည်ထောင်စုအတွက် အရေးကြီးတယ်လို့ အခုလိုပြောပါတယ်။

“ဒီနိုင်ငံ တနိုင်ငံချင်းစီ အနေနဲ့ သီးခြား အကျိုးစီးပွားတွေ ရှိနေကြတယ် ဆိုတာကို သမ္မတက နားလည်ထားပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံ အပြန်အလှန် အကျိုးတူဖြစ်နိုင်မယ့် နေရာတွေမှာ ကျနော်တို့ တိုးတက်မှုတွေ ရရှိအောင် လုပ်ဆောင်နေတာပါ။”

ဒါ့အပြင် သမ္မတ အိုဘားမားဟာ စင်ကာပူမှာ ကျင်းပမယ့် ၁၇ ကြိမ်မြောက် အေးပက် ညီလာခံ ဘေးမှာလည်း အာဆီယံ ၁၀ နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုကြား ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးလည်း ဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) က ဖိလစ်ပိုင်မှာ အာဆီယံအဖွဲ့ဝင် အဆင့်မြင့် အရာရှိတွေနဲ့ ဆွေးနွေးပွဲအပြီး အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ဒီတွေ့ဆုံပွဲတွေဟာ ၁၅ ရက်နေ့မှာဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေ အားလုံးလည်း တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စုကြား ၃၂ နှစ်မြောက် ဆက်ဆံရေး ထားရှိတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်လည်းဖြစ်တဲ့ အဲဒီဆွေးနွေးပွဲကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း တက်ရောက်မယ်လို့ မနီလာမှာ ရောက်ရှိစဉ် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က သတင်းဌာနတွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

အခုလို အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာဝန်ကြီးချုပ်လည်း ပါဝင်မှာ ဖြစ်တဲ့အတွက် အမေရိကန် သမ္မတ တဦးနဲ့ မြန်မာစစ်ခေါင်းဆောင်ကြား ဆယ်စုနှစ်အတွင်း ပထမဦးဆုံး တွေ့ဆုံပွဲလို့ ဆိုရပါလိမ့်မယ်။ သမ္မတ အိုဘားမားနဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ သီးခြား တွေ့ဆုံမယ်၊ မတွေ့ဆုံဘူး ဆိုတာကိုတော့ မသိရသေးပါဘူး။

အမေရိကန် သမ္မတ တဦးနဲ့ မြန်မာဝန်ကြီးချုပ်အကြား နောက်ဆုံး တွေ့ဆုံခဲ့တာကတော့ ၁၉၆၆ ခု စက်တင်ဘာလက ထိုစဉ် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဝါရှင်တန်ကို ရောက်ရှိစဉ် သမ္မတ လင်ဒန် ဘီ. ဂျွန်ဆင် (Lyndon B. Johnson) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားတဲ့အကြောင်း သတင်းဌာနတွေမှာ ကိုးကား ဖော်ပြထားပါတယ်။

၁၉၈၈ ခု ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ချိန်ကစလို့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရာမှာ သမ္မတဘုရှ် (Bush) လက်ထက်ကတော့ သက္ကရာဇ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီး ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးပြီး မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား အစိုးရ လက်ထက်မှာတော့ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန် အစရှိတဲ့ လူဆိုးစာရင်းဝင် နိုင်ငံတွေနဲ့ ဆက်ဆံနေထိုင်သွားပြီး အပြောင်းအလဲ ဖော်ဆောင်ဖို့ ဖိအားပေး နားချသွားမယ့် ပေါ်လစီကို ကျင့်သုံးမယ်လို့ ဆိုရာမှာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကိုလည်း ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဦးတည်ချက်က မပြောင်းလဲဘဲ အဓိကကတော့ အစိုးရ အချင်းချင်းကြား အဆင့်မြင့် တိုက်ရိုက်ဆက်ဆံရေးနဲ့ ချဉ်းကပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ်တို့ဟာ ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို အင်းလျားလိတ် ဟိုတယ်မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မြန်မာနိုင်ငံကို အချက်အလက် ရှာဖွေရေးခရီး ထွက်ခဲ့တဲ့ မစ္စတာ ကာ့တ် ကမ်းဘဲလ်ကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက် ချထားသွားမှာ ဖြစ်ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် မြန်မာစစ်အစိုးရက ဖော်ဆောင်ရင် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာနိုင်တယ်လို့ ပေါ်လစီ ကြေညာစဉ်က နိုင်ငံခြားရေးဌာနမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ဒီလို ဦးတည်ချက်တွေ ပေါက်မြောက် အောင်မြင်နိုင်ဖို့ တိုးတက်မှုတွေကို ဖော်ဆောင်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ တဆင့်ပြီးတဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ ခြေလှမ်းတွေကို ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့က အချိန်ကြာမယ်၊ ခက်ခဲမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ အချိန်ပေး လုပ်ဆောင်ဖို့ ကျနော်တို့ အဆင်သင့်ပါပဲ။”

နောက်ဆုံးထွက်လာတဲ့ သတင်းတွေအရတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို မြန်မာစစ်အစိုးရက မကြာမီ ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်မှာ အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ သူတို့ အကျိုးဆောင်ရှေ့နေ အဖွဲ့ဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပေမဲ့ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သိပုံမရတဲ့အကြောင်းအပြင် ဒီသတင်းမှန်ကန်ဖို့ သူတို့ ဆုတောင်းနေတဲ့ အကြောင်းလည်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG