သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်


နှစ်နိုင်ငံနယ်စပ် အငြင်းပွားဖွယ် ရေပြင်မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား သင်္ဘော နှစ်စင်း အပြန်အလှန် ပစ်ခတ်ခဲ့ကြရာမှာ မြောက်ကိုရီးယားသင်္ဘော ပျက်စီးသွားခဲ့ပုံ ရပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားကို တောင်းပန်ဖို့ တောင်းဆိုလိုက်ပြီး အခုလို ရန်စတဲ့ အပြုအမူမျိုး ထပ်ပြီး မလုပ်ဖို့လည်း တောင်ကိုရီးယားကို သတိပေး လိုက်ပါတယ်။ ဆိုးလ်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကာ့တ် အာချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ပိုင်း ရေပြင်မှာ မြောက်ကိုရီးယားနဲ့ အပစ်အခတ် ဖြစ်ပြီးတဲ့နောက် တောင်ကိုရီးယား သမ္မတက အရေးပေါ် လုံခြုံရေး အစည်းအဝေးတရပ်ကို ဒီနေ့ အင်္ဂါနေ့မှာ ဆင့်ခေါ်လိုက်ပြီး ရေတပ်ကိုလည်း အမြင့်ဆုံး တပ်လှန့်ထားလိုက်ပါတယ်။

မြောက်ကိုရီးယား သင်္ဘောတစင်းဟာ တောင်ကိုရီးယား ရေပြင်ထဲကို နေ့လယ်ခင်းလောက်က အကြိမ်များစွာ ဖြတ်သန်း ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲ ဦးစီးချုပ်များရုံးရဲ့ အကြီးတန်း အရာရှိတဦးဖြစ်တဲ့ လီး ဂီ-ဆစ်ခ် (Lee Gi-sik) က ပြောပါတယ်။

“တောင်ကိုရီးယား ကင်းလှည့်သင်္ဘောတစင်းက သတိပေး ပစ်ခတ်ခဲ့တဲ့အခါမှာ မြောက်ကိုရီးယား သင်္ဘောက တောင်ကိုရီးယား သင်္ဘောကို တိုက်ရိုက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်” လို့ သူက ပြောသွားတာပါ။

ဒါကြောင့် တောင်ကိုရီးယားက ပြန်လှန်ပစ်ခတ်ပြီး မြောက်ကိုရီးယား သင်္ဘောကို နှင်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

ခုလို ပစ်ခတ်ကြတဲ့အတွက် တောင်ကိုရီးယားဘက်မှာတော့ အထိအခိုက် မရှိခဲ့ပါဘူးလို့ မစ္စတာလီးက ဆိုပါတယ်။ ပစ်ခတ်ကြတာ မိနစ်ပိုင်းပဲ ကြာခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယား သင်္ဘောကတော့ တော်တော်ကြီး ပျက်စီးသွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်အရာရှိတွေက ပြောပါတယ်။

တရားမဝင်တဲ့ တရုတ် ငါးဖမ်းသင်္ဘောတွေကလည်း ဒီနေရာတွေမှာ ရှိနေပြီး မြောက်ကိုရီးယားက အဲဒီ ငါးဖမ်းသင်္ဘောတွေကို သူ့ရေပြင်ထဲက ထွက်သွားအောင် လိုက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြောက်ကိုရီးယားက စခဲ့တဲ့ ဒီအဖြစ်အပျက်ကို စိတ်မကောင်းစရာ အဖြစ်အပျက်တရပ် အနေနဲ့ မစ္စတာလီးက ပြောပါတယ်။ မြောက်ကိုရီးယားကို တောင်ကိုရီးယားက အခုဖြစ်ရပ်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဒီလို ဖြစ်ရပ်မျိုး နောက် ထပ်မံ မဖြစ်ဖို့အတွက် တောင်းဆိုထားပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ရေပြင်ဟာ တောင်နဲ့ မြောက်ကိုရီးယားကြား ရန်ပွားနိုင်စရာ အကြောင်းရှိတဲ့ အန္တရာယ် များလှတဲ့ ရေပြင်ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားစစ်ပွဲ ပြီးတဲ့နောက် စစ်ပြေငြိမ်းစာချုပ် ချုပ်မထားတဲ့အတွက် စစ်ဖြစ်နေဆဲလို့ အဓိပ္ပာယ် ရနေပါတယ်။ ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့တဲ့ ရေပြင် နယ်နိမိတ်ကို မြောက်ကိုရီးယားက ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါဘူး။ ၁၉၉၉ နဲ့ ၂၀၀၂ တုန်းကလည်း ဒီနေရာတွေမှာ ရေတပ်ချင်း ပစ်ခတ်တာတွေ နှစ်ကြိမ်ဖြစ်ခဲ့တဲ့အတွက် အသေအပျောက်တွေ ရှိခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားကတော့ ဒီအဖြစ်အပျက်ကို သူ့ရဲ့ တရားဝင် မီဒီယာတွေမှာ လက်နက်နဲ့ ပစ်ခတ်ရန်စတာအဖြစ် ဖော်ပြခဲ့ပြီး တောင်ကိုရီးယားကို တောင်းပန်ဖို့ အစိုးရက တောင်းဆိုလိုက်တာကို အင်္ဂါနေ့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အာရှကို အလည်လာဖို့ ရက်ပိုင်းလောက်ပဲ အလိုမှာ ခုလို အပစ်အခတ်တွေ ဖြစ်ပွားခဲ့တာပါ။ ဆိုးလ်မြို့ကို လာရောက်ဖို့ တပတ်ပဲ လိုပါတော့တယ်။ ဒီလို အချိန်ကိုက်နေတာကြောင့် မြောက်ကိုရီးယားက ရန်စတဲ့ လုပ်ရပ်မျိုး လုပ်ပြီး နိုင်ငံရေး သတင်းစကားတရပ်ကို ပို့ဖို့ ကြိုးစားနေတာလား ဆိုတဲ့ မှန်းဆထင်မြင်ချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ယန်း မူ-ဂျင်း (Yang Moo-jin) ဟာ ဆိုးလ်မြို့မှာရှိတဲ့ မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ်က ပညာရှင်တယောက် ဖြစ်ပါတယ်။ အင်္ဂါနေ့က အဖြစ်အပျက်ကို အလွန်အမင်း အဓိပ္ပာယ် မကောက်ယူဖို့ သူက သတိပေးလိုက်ပါတယ်။

“အခုဖြစ်ရပ်ကို မတော်တဆ ဖြစ်ရပ်အဖြစ် သူက ယူဆပါတယ်။ မြောက်ကိုရီးယား စစ်တပ်က ပျော့ပျော့ပျောင်းပျောင်း မရှိတဲ့အတွက်ကြောင့် ခုလို ဖြစ်ရပ် ပေါ်ပေါက်လာရတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တောင်နဲ့ မြောက်ကိုရီးယားကြားမှာ အချိန်မရွေး တင်းမာပြီး ပဋိပက္ခ ဖြစ်ပွားလာနိုင်တာကို ဒီဖြစ်ရပ်က သတိပေးလိုက်တာ ဖြစ်ပါတယ်” လို့ မစ္စတာယန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG